Saturday, March 5, 2011

လရောင်မဲ့သောညများ

အလွန်မြင့်မားပြီး မဲမှောင်ထူထဲလှသည့် စက်ရုံ အုတ်တံတိုင်းနံရံများကို စိတ်မှန်းနှင့် ကျော်လွန်ကာ ကြည့်မိသည်။ ထိုအခါလရောင်အောက်တွင် အေးစက်အုံ့စိုင်းနေမည့် ကုက္ကိုပင်ကြီးများနှင့ှ်ု့မျှော်မဆုံးဖြစ်နေမည့် ရွှေဝါရောင်စပါးခင်းများကို မြင်ယောင်လာသည်။ အဆောင်တံခါးပေါက်လေးမှ ကြည်လဲ့ရွှန်းမြစွာသာနေမည့် လမင်းကြီးကို မမြင်ရပေမယ့် တိတ်ဆိတ်နေတဲ့ လောကကြီးကို အေးအေး ချမ်းချမ်း ငုံ့မိုးကြည့်နေမည့် လမင်းကြီးကတော့ ကောင်းကင်ပြင်ရဲ့တနေရာ ထိန်ထိန်ညီးနေမှာပါ။ လူနှစ်ထောင်လောက် ဆံ့သည့်သည်စက်ရုံကြီးရဲ့ ဘေးပတ်ပတ်လည်မှ လယ်ကွင်းပြင်များ၊ သစ်ပင်ကြီးငယ်များ ၀ိုင်းရံထားသည်။ ဒီအချိန်များ စက်ရုံအပြင်ဘက်က ၀န်းကျင်ကို ကြည့ှ်ု့ခွင့်များ ရခဲ့လျှင် ဘယ်လောက်တောင် လောကကြီးက သာယာနေလိမ့်မလဲ။ အင်း…စိတ္တဇညချမ်း ပန်းချီကား တချပ်လို အသက်ဝင်နေမည်မှာ အသေအချာပေါ့။ တကယ်ဆိုကြာခဲ့ပြီပဲ။ ဒီလိုညချမ်းအေးအေးမှာ သူငယ်ချင်းတွေနဲ့ ကစားခဲ့ရတဲ့ ငယ်ဘ၀တွေက ကြက်ပျောက်ငှက်ပျောက် ပျောက်ခြင်းမလှပျောက်ခဲ့တာ အတော်ပင်ကြာခဲ့ပြီဖြစ်သည်။ တိတ်ဆိတ်နေသည့် ညချမ်းတွင် အိပ်မပျော်သောလဲ့ အတွေး နယ်ချဲ့နေမိသည်။ ကိုယ့်ဘေးပတ်လည် အမှောင်ထဲတွင် အတုံးအရုံး အိပ်မောကျနေသော သူငယ်ချင်းများကို အားကျစိတ်ဖြင့် ငေးနေမိသည်။

ထိုစဉ် ‘ငါ့ချည်လုံးဘာလို့ ယူသွားတာလဲ…ပြန်ပေးလေ၊ လုပ်နေတာမမြင်ဘူးလား’ အော်သံကြားရတော့ သူမအမှောင်ထဲတွင် မချိပြုံး ပြုံးမိသည်။ ဘ၀တူ သူငယ်ချင်းတွေရဲ့ ဘ၀အမောတွေက အိပ်ရာထဲတွင် ယောင်အော်နေရလောက်အောင် အေးစက်ခါးသီးနေခဲ့သည်။ လဲ့လဲ့နဲ့ သူငယ်ချင်းတွေရဲ့ ဘ၀ညတာတွေက အလွန်ပင်ရှည်လျားမောပန်းဖွယ်ရာ ဖြစ်သည်။ ဟောဒီဆောင်းညတွေမှာဆို ညတာကပိုလို့ပင် ရှည်လျားနေတတ်သည်။

တကယ်တမ်းဆိုလျှင် လဲ့တယောက် သဘာဝကျကျလှပသည့် တောတောင်ရေမြေများနှင့် ဝေးကွာ နေခဲ့သည်မှာ အချိန်ကြာမြင့်ခဲ့ပြီဖြစ်သည်။ တောပန်းတောင်ပန်းများနှင့် လယ်ကွင်းပြင်ပေါများသော အမိမြေလောက် သူမဘ၀ကို ပျော်ရွှင်မှုတွေဖန်တီးပေးနိုင်သည့်နေရာ မည့်သည့်နေရာမှ ရှိမည်မထင်ပေ။ သက်ပြင်းရှည်တခုကို ချမိသည်။ သူမ ဒီနေရာတွင် နေရသည်ကို နည်းနည်းမှ မပျော်မွှေ့ခဲပါဘူး။ တခါတရံ အထုပ်အပိုးကိုဆွဲပြီး အမိမြန်မာပြည်ကို ချက်ချင်းပင် ထပြန်ချင်စိတ်များဖြစ်မိသည်။ မကြာခဏ အဲဒီလိုစိတ်မျိုးပေါ်ခဲ့ပေမယ့် လက်တွေ့တွင် သူမဘယ်တုန်းကမှ အကောင်အထည်မဖော်ဖြစ်ခဲ့ပေ။

ထောင်နံရံများနှင့်တူသည် သည်စက်ရုံထဲကို ရောက်နေသည်မှာ ၃ နှစ်ပင်ကျော်ခဲ့ပြီဖြစ်သည်။ ထိုသုံးနှစ်အတွင်း သူမ ဇာတိရွာလေးသို့ တခေါက်မှပင် မပြန်ဖြစ်ခဲ့ပေ။ မိန်းကလေးငယ်များအတွက် သားရဲတွင်းနှင့်တူသည့် သည်နိုင်ငံတွင် သူမ နေထိုင်ရသည်ကို နည်းနည်းလေးမှ မပျော်ပိုက်ပါ။ ရုပ်ရည်လေး သနားကမားနှင့် သူမကို သူငယ်ချင်းတွေက အဖွားလေးဟု ကျီစယ်ကြသည်။ တကယ်တော့ သူမ အစိုးရိမ်လွန်နေခဲ့ခြင်းမဟုတ်ပါ။ မိန်းကလေးများ ဂိတ်ပေါက်က ထွက်တိုင်း ဟိုထိ သည်ထိနှင့် တို့ကနန်း ဆိတ်ကနန်းလုပ်တတ်သော ဂိတ်စောင့်များ၊ ဟိုပုတ် ဒီပုတ်လုပ်ချင်ကြသော လိုင်းဆရာအစ စက်ပြင်ဆရာအဆုံး စသော ပုရိများကို သူမဘ၀တွင် ထပ်မံကြံတွေ့ရပြန်တော့ ဘယ်ယောက်ျားသားများကို မဆက်ဆံဝံ့တော့ပေ။ ယောက်ျားမုန်းဝါဒီ မဟုတ်ပေမယ့် သူမ ဘယ်ယောက်ျားကိုမှ မယုံကြည်ဝံ့။ သူ့ဘ၀တွင် အလှအပထက် မိန်းမတယောက်တွင် အရှိသင့်ဆုံး အဖြစ်သင့်ဆုံးအရာက စိတ်ဓါတ်ကောင်းဖို့ဖြစ်သည်ဟု သူငယ်ချင်းများကို သူမအမြဲပြောခဲ့သည်။ အသားအရေ ဖြူစင်ဝင်းဝါနေသော သူမအား ပိုလှပသွားစေရန် သူမကို ၀ိုင်းဝန်းပြင်ဆင်ပေးကြသည်ကို သူမဘယ်တုန်းကမှ လက်မခံခဲ့ပေ။ သူမ မပြင်တတ်လို့မှမဟုတ်ပဲ။ အလှအပတွေကို စိတ်ကုန်လွန်းလို့ ပြင်ဆင်ရမှာကို ကြောက်လွန်းလို့ပင်ဖြစ်သည်။ လုပ်ဖော်ကိုင်ဖက်များထံမှ မိန်းမဆိုတာ လှဖို့လိုတယ်၊ ပညာမတတ် ပိုက်ဆံမချမ်းသာရင် ပိုပြီးတောင်လှဖို့လိုတယ်ဟု ပြောသံကြားရတိုင်း အလှအပကိုဗန်းပြပြီး ၀မ်းစာရှာခဲ့ရတဲ့ သူမစိတ်မလုံမခြုံဖြစ်ခဲ့ရသလို ဒီလို သူမ ချစ်တဲ့လသာညတွေရောက်တိုင်း အတွေးအိမ်မှာ နေရာယူတတ်သည့် ညတစ္ဆေတွေက သူမကို ခြောက်လှန့်တတ်မြဲဖြစ်သည်။

လွန်ခဲ့သော ငါးနှစ်လောက်က ဖိုးလမင်းကြီးက ယနေ့တာဝန်များကို ထမ်းဆောင်နေသလို တာဝန်ကျေခဲ့ပါသည်။ ဖိုးလမင်းကြီးက သာမြဲသာနိုင်ခဲ့ပေမယ့် သူမဘ၀ကတော့ မသာတလှည့် သာတလှည့်ဟုပင် တင်စားရမည်ထင်သည်။ အဲဒီအချိန်မှက ဒီလိုညချမ်းအေးအေးမှာ နမ့်ပိန်းချောင်း ရေအလျှင်က လှပသည့်သံစဉ်ကိုဖန်တီးရင်း ညင်သာစွာရွေ့လျားလို့နေသည်။ ချောင်းထဲတွင် ကျောက်တုံးကျောက်ခဲများက ဟိုတစုသည်တစုနှင့် အုပ်စုဖွဲ့သူဖွဲ့ တကိုယ်တည်းရပ်သူရပ်ဖြင့် ငြိမ်သက် တိတ်ဆိတ်လို့နေသည်။ ရံဖန်ရန်ခါ မိုးရာသီများတွင် သူတို့ခမျာ အငြိုး တကြီးနှင့်လှိမ့်ဆင်းလာသော ရေအလျင်ဟူသမျှကို ရင်ကော့ကာ အံကြိတ်ခံနေရသည်။ တခါတရံ ကြည်နှုးလွမ်းဆွတ်ဖွယ်ရာ၊ တခါတရံဆိုလျှင် ကြောက်မက်ဖွယ်ကောင်းသော ထိုရေအလျင် သံစဉ်များက သူမဘ၀လေးကို တစစီ ယူငင်ခေါ်ဆောင်သွားဟန် အထင်သားဖြစ်သည်။ ချောင်းကမ်းပါးရှိ သဘာဝှု့ခင်းများကလည်း သာယာစိမ်းလို့နေသည်။ ထိုလှပသော ၀န်းကျင် ခပ်လှမ်းလှမ်းတွင် သူမ ချစ်သောညများအား ရွံမုန်းစိုးရွံ့မှုများကို ဖန်းတီးပေးထားသော အဆောက်အဦးတခုရှိသည်။ အနောက်တိုင်း သံစဉ်များနှင့် ဖုံးလွမ်းနေသော သူမညများ၊ မှိတ်တုတ်မှိတ်တုတ် မီးရောင်အောက်တွင် ခါးသီး အကျည်းတန်လွန်းလှသော ညများစွာကို မမလက်များကို တင်းကြပ်စွာ ဆုပ်ကိုင်ရင်း သူမအံကြိတ်ကျော်ဖြတ်ခဲ့ရသည်။

ထိုနေရာသည် ပယင်းရောင်များ တန်ခိုးဖြင့် မှုးရစ်ရည်ဝေနေသော မဟာပုရိများကို မျက်စိပသာဒဖြစ်အောင် ဖျော်ဖြေပေးရသော သူမနှင့် ချစ်သောမမ လုံခြုံမှုမဲ့စွာ ဖြတ်သန်း ရသောဘ၀များ၊ ကံကြမ္မာစေစားချက်အရ ‘လမုန်းမယ်’ ဟုခေါ်သော ဘားအကမယ်အဖြစ် သူမနှင့်မမ ဘ၀ကို ရုန်းကန်လှုပ်ရှားခဲ့ရသည်။ လာရောက်စားသုံးသူများ စိတ်ကျေနပ်မှုရစေရန် သူဌေးအလိုကျ မိမိကိုယ်ခနာကို လှပစွာဆင်မြန်းရသည်။ စကပ်တိုတို ပေါင်ဖြူဖြူလေးများဖြင့် ကပြဖျော်ဖြေရသော လမုန်းမယ်အလုပ်ကို သမာအာဇီဝအလုပ်ဟု ရိုးသားစွာယုံကြည်မိသည်။ သို့သော် ထိုသို့ သမာအာဇီဝ အလုပ်များကိုဖြင့် ရိုးသားစွာ ရုန်းကန်လှုပ်ရှားနေသော ဘ၀တူအမျိုးသမီးများအားလှောင်ပြောင်သရော်ဆက်ဆံသူများကို ရွံမုန်းစွာ ဆက်ဆံရသည်။ အသက် ၁၃ နှစ်နှင့် ၁၅ နှစ်အရွယ်သူမတို့ ညီအစ်မက တခုလပ်အမေကို လုပ်ကျွေးပြုစုခဲ့ရသည်။ ဘားသိမ်းချိန် ည ၂ နာရီအထိ စိတ်လက်ချစွာ အိပ်မပျော်နိုင်သော အမေက သူတို့ညီအစ်မပြန်လာချိန်ကို စောင့်ဆိုင်းနေလေ့ရှိသည်။ ညမှောင်မှောင်တွင် အိမ်ရှေ့ရောက်လာသော သမီးနှစ်ယောက်ကိုတွေ့မှ အမေသည် သက်ပြင်းမောကိုချရင်း ညတာ ရှည်များကို ဆက်လက်ရင်ဆိုင်လေ့ရှိသည်။

တကယ်တော့ သူမတို့ညီအစ်က အမေ့အား စိတ်ချလက်ချအပ်မောကျနေသည်ကိုသာ မြင်လိုလှသည်။ သို့ပေမယ့် အမေတွင် အိပ်မောကျသည်ညဟုမရှိ ကြက်အိပ်ကြက်နိုးဆိုသလို သက်ပြင်းမောများဖြင့် မိုးလင်းခဲ့သောညများ နည်းမည်မထင်ပေ။

အမေသည် အဖေနှင့် မကွဲခင်ကပင် ဘ၀အမောများနှင့်သာ လုံးချာလည်ခဲ့သည်များကို မိုးပျင်းမြို့လေးရောက်မှ သိခဲ့ရသည်။ မချစ်မနှစ်သက်သော ခင်ပွန်းနှင့် ကလေးသုံးယောက်ရသည်အထိ ပေါင်းသင်းနေထိုင်ခဲ့သည်။ မျိုးရိုးစဉ်ဆက်ချမ်းသာသော အဖေသည် အမေ့ကွယ်ရာတွင် ဖောက်ပြန်နေလေ့ရှိသည်။ အမေ့အား လိုချင်လွန်းလှသည်ဟို ဆိုသဖြင့် အမေ့အသိုင်းအ၀ိုင်းက အမေ့အား အခန်းပိတ်ကာ ချောင်ပိတ်ယူစေခဲ့သည်။ မြန်မာ့ယာဉ်ကျေးမှုအရ မချစ်မနှစ်သက်သော်လည်း ယောက်ျားတယောက်နှင့် တခန်းတည်းတွင် အတူနေမိခြင်းသည် မြန်မာအမျိုးသမီးများအတွက် တသက်စာ ထောင်ချောက်ကို နင်းမိသည်နှင့် အတူတူပင်ဖြစ်သည်။ အမေငြင်းပယ်နေသည့်ကြားမှပင် မိဘဆွေမျိုးများ ညည်းအပျိုပြန်ဖြစ်မလာနိုင်ပါဘူးဟူသော ထောပနာသံများကြားမှ ငယ်ငယ် ရွယ်ရွယ်နှင့်ပင် အိမ်ထောင်ပြုခဲ့ရသည်။ လူပျိုဘ၀ကပင် မိန်းမှုပ်ပေသောအဖေက သားသမီးများ ရရှိသော်လည်း ခြေမငြိမ်ခဲ့ပေ။ မိသားစုကို ငဲ့ညာရမှန်း၊ ထောက်ထားရမှန်းမသိ။ အဖေ့မိဘ (အဖိုးနှင့်အဖွား)လည်း အဖေ့စိတ်နှင့်ပင် လုံးပါးပါးခဲ့ကြရသည်။ မိသားစုအပေါ် တာဝန်မဲ့လွန်းလှသော အဖေ့အား လွန်စွာစိတ်ပျက်နေမည်ဖြစ်သော အမေ့ကိုအသနားပိုမိပေမယ့် ငယ်ရွယ်လွန်းသော သူမတို့တတွေလည်း ဘာမှမတတ်သာခဲ့ပေ။ နောက်ဆုံးတော့ အဖေနောက်မိန်း၁ယောက် အိမ်ပေါ်သို့ခေါ်လာချိန်တွင် အမေသည် လဲတို့ညီအစ်မကို လက်ဆွဲပြီး သူ့မိတ်ဆွေများရှိရာ မိုင်းပျင်းမြို့လေးကို ထွက်ခွာလာခဲ့သည်။ အမေသည် သူအလွန်ချစ်သော သားကြီးကိုပင် အဖေနှင့် ထားပစ်ခဲ့သည်။

မိုင်းပျင်းမြို့လေးတွင် သူမတို့ညီအစ်မ နိုက်လပ်တခုတွင်လမုန်းမယ် (ဘားအကမယ်) ဘ၀ဖြင့် အသက်မွေးဝမ်းကြောင်းပြုခဲ့ရသည်။ မမက လဲ့လောက် ချောမောလှပခြင်း မရှိပေမယ့် သူလုပ်သင့်သည် ထင်သော အလုပ်ကို စွဲစွဲမြဲမြဲနှင့် ကြိုးစားလုပ်ကိုင်တတ်သူဖြစ်သည်။ သူမကတော့ ငယ်ရွယ်သူပီပီ အစ်မ အားကိုးနှင့် လှုပ်ရှားရန်းကန်နေသူဖြစ်သည်။ သူမတို့သားအမိတွေ ၀မ်းဝအောင်နှင့် ခါးလှရန်အတွက် သားအမိသုံးယောက်စလုံး ရုန်းကန်လှုပ်ရှားခဲ့ရသည်။ တခုလပ်အမေနှင့် အပျိုပေါက်သမီးနှစ်ယောက် နေထိုင်သော အိမ်လေးသည် မည်သို့မှ လုံခြုံမှုရှိမနေခဲ့ပေ။ သစ်စက်ဝန်းရှိ အလုပ်သများကို အချက် အပြုတ်တာဝန်ယူကာ လုပ်ကိုင်နေသော အမေ့ကျေးဇူးကြောင့် ထိုဝန်းထဲတွင်ပင် နေစရာ အိမ်လေးတလုံးရခဲ့သည်။ ဘ၀တူအချင်းချင်းမို့ ရိုင်းပင်သူများ ရှိခဲ့သော်လည်း လူတကိုယ်စိတ်တမျိုးမို့ သူမတို့ သားအမိသုံးယောက်ဘ၀ကို လုံခြုံမှုမဲ့စွာ ဖြတ်သန်းကျော်လွှားခဲ့ရသည်။ တခါက သူမတို့ အိပ်ပျော်နေစဉ် ညဥ့်သန်းခေါင်းကျော်တွင် လူတယောက် အပေါက်မှနေ ခြေထောက်ကို လာနှိုက်သဖြင့် လန့်ဖျတ်အော်ကာ သားအမိသုံးယောက် နေစရာပင် မရှိခဲ့ဖြစ်သည်။ ပြေးစရာမြေ မရှိတဲ့ဘ၀မှာ ဒီနေရာလေးကိုပဲ သူမတို့ သားအမိတွေ အလန့်တကြား ကုတ်ကတ်ဖက်တွယ်နေခဲ့ရသည်။

သူမတို့ရှိရာ မြို့လေးသို့ မရအရစုံစမ်းကာ အကိုလိုက်လာသည်။ အိမ်ထောင်ရေးပြများကြားတွင် ကြီပြင်းခဲ့ရသော ပညမတတ်သည့် အစ်ကိုလည်း သစ်စက်အလုပ်သမားပဲ ဖြစ်ရသည်။ အစ်ကို ရောက်လာတော့မှပင် အမေ မိုးလင်းပေါက်ခေါင်းချနိုင်ခဲ့သည်။ အစ်ကို ရောက်လာပြီး ၃ လကြာတော့ အေးချမ်းပြီထင်သော သူမတို့ဘ၀များ မုန်တိုင်းထန်ခဲ့ပြန်သည်။ ညဥ့်သန်းခေါင်တွင် ရန်သူများ ပိုများလာသည်။ ညီမများကို အကာအကွယ်ပြုလိုသော အကိုသည် စိတ်ဓာတ်များ ပိုမို ခက်ထန်လာသည်။ ထိုဘားသို့မလာရန် ပြောသော်လည်း လက်မခံခဲ့ပေ။ တနေ့တွင် ထိုဆိုင်တွင် လှပစွာ အသုံးတော် ခံကပြနေသော သူမတို့ ညီအစ်မအား ကလိချင်သော ပုရိများက သူတို့ကခိုင်းသောအကကို ကောင်းကောင်းမကရကောင်းလားဟုဆိုကာ ပေါင်လည်လောက်ရှိသော အစ်မစကဒ်ကို ဆွဲလှန်လိုက်သည်။ အစ်မရှက်ဒေါသလည်း ငယ်ထိပ်ရောက်ကာ ထိုလူအား ပါးရိုက်ကာတုန့်  ပြန်ခဲ့သည်။ သည်ကိုပင် ဒေါသထွက်ကာ ရှက်ရမ်းရမ်းသော လူမှ အစ်မအား ပြန်လည်ရိုက်နှက်ရင်း ရန်ပွဲပြင်းထန်လာခဲ့သည်။ ထိုစဉ် ဘယ်အချိန်က ရောက်လာမှန်းမသိသော အစ်ကိုမှ ကမှုှးုးထိုးနှင့် ၀င်လာကာ ထိုသူအား မည့်သည့်အရာနှင့် ရိုက်နှက်လိုက်သည် မသိပေမယ့် နေရာတွင်ပင် ခွေခေါက် သွားသည်။ ကံဆိုးလွန်းတော့ အစ်ကိုသစ်စက်ဝန်းမှကောက်လာသော သစ်တွင်သံပါနေသဖြင့် နောက်နေ့ဆေးရုံတွင် ထိုလူဆုံးသွားသည်။ အစ်ကိုလည်း ထိုအမှုနှင့်ပင် နှစ်ရှည်ထောင်ဒဏ် ကျခဲ့သည်။ အမေနှင့်အစ်မလည်း ဇာတိဖြစ်ရာ မြေပြန့်ရွာလေးသို့ ပြန်သွားသည်။ သူမတော့ ဖောက်ပြနသော အဖေ့မျက်နှာကိုလည်း မကြည့်လို၊ ငွေရှိမှ လူထင်တတ်သော အသိုင်းအ၀ိုင်းကိုလည်း ရင်မဆိုင်မလိုသဖြင့် မိုင်းပျင်းမှတဆင့် ထိုင်းနိုင်ငံသို့ထွက်လာဖြစ်သည်။ သူမငွေရှာမှဖြစ်မည်၊ သူမဘ၀တွင် အမေ့အား လုပ်ကျွေးရမည်ဆိုသည့်အသိမှတပါး အခြားမည်သည့်အတွေးများမှ ခေါင်းထဲတွင်ရှိမနေပေ။ အသက် နှစ်ဆယ် မပြည့်တတ်သေးသော သူမဘ၀ ဒဏ်တွေကိုခါးခါးသီးသီး ရင်စည်းခံခဲ့ရသဖြင့် နောက်တခါ အနာမခံလို အလှအပပြင်ပြီး လုပ်ရမည့်အလုပ်များ သူမလျှာတွင် မြက်ပေါက်နေပါစေ ဘယ်တော့မှ လုပ်ဖြစ်မည်မဟုတ်တော့ပေ။ ဒါကြောင့်ပင် အလုပ်ကိုကြိုးစားလုပ်ကိုင်ရင်း သူမဘ၀လေးကို အကျဉ်း ထောင်နှင့် တူသော ဒီစက်ရုံဝန်းထဲတွင် မြုပ်နှံထားသည်မှာ ကြာပါပြီကောလား။ အိပ်ပျော်နေသော သူငယ်ချင်း ထထိုင်လိုက်မှ သူမဆက်ကနဲဖြစ်ကာ အတွေးစများလည်း ပြတ်တောက်သွားသည်။

‘မအိပ်သေးဘူးလား…ငါတောင်တရေးနိုးလာပြီ၊ အိပ်တော့လေ။ မနက်အလုပ်ဆင်း ရဦးမယ်….တော်ကြာမနိုးပဲနေဦးမယ်’။ သူငယ်ချင်းဖြစ်သူပြောသော စကားများကိုပြန်လည်တုံ့ပြန်ခြင်းမပြုပဲ သူမအိပ်ယာပေါ်သို့ အသာလှဲချလိုက်သည်။ မျက်စိကိုအမှိတ် မျက်ဝန်းထဲတွင် မှိတ်တုတ်မှိတ်တုတ်နှင့် ရောင်စုံမီးရောင်များကို မြင်ယောက်လာသည်။ သူမလက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၊ အံကိုကြိတ်ရင်း ‘မဖြစ်ဘူး ဒီအနိဌာရုံမြင်ကွင်းတွေကို ဘ၀မှာ မေ့နိုင်အောင် ငါကြိုးစားရမယ်’ အသံမထွက်ပဲ ရေရွတ်လိုက်မိသည်။ ‘မလာပါနဲ့…မလာခဲ့ပါနဲ့ အိပ်မက်ထဲတောင်မလာပါနဲ့’ ဟု သူမအကြောက် အကန်ငြင်းဆန်နေမိတော့သည်။

ထနောင်း

No comments:

Post a Comment