Wednesday, December 22, 2010

ကံကြမ္မာလှိုင်း

ကံကြမ္မာလှိုင်း
ထနောင်း

စပါးရိုးပြတ်များနှင့် ဝင်းဝါနေသော လယ်ကွင်းပြင်ကြီး၏ နောက်တွင် အုံ့ဆိုင်းမှိုင်းပျနေသော တောင်တန်းကြီးများက ခန့်ထည်စွာ တည်လျှက်ရှိသည်။ ဆောင်းအကုန် နွေအကူး ညနေဆည်းဆာပီပီ လေရူးတွေနှင့်အတူ ရော်ရွက်ဝါတွေလည်း ဟိုတစသည်တစ ပျံဝဲလို့နေသည်။ ဒီလို နွေဦးရာသီမှာဆို ကျမငယ်စဉ်ကနေခဲ့ရသော ကျောင်းဝန်းကြီးထဲတွင် တမာတွေ လှိုင်လှိုင်ပွင့်ပြီး လေအဝှေ့ တမာရနံ့တွေသင်းပျံ့နေရောပေါ့။ ရင်ထဲတွင် တစစ်စစ်နာလာသည်။ “အဖေ”ဟု တိုးသက်စွာ ခေါ်မိသည်။
ကျမ ၆တန်းနှစ်တွင် မနက်စောစော ထင်းသွားခုတ်စဉ် ပိုးထိလို့ အဖေဆုံးခဲ့သည်များကို မြင်ယောင်လာသည်။ ထင်းရှားပါး သော ကျမတို့ဒေသသည် စပါးများရိတ်သိမ်းပြီးလျှင် လာမည့် တနှစ်စာအတွက် ထင်းပေါသော ရိုးမအစပ်တွင် ထင်းများ သွားခုတ်ရသည်။ အဖေနှင့်အစ်ကိုသည် ထင်းခုတ်သည့်နေရာသို့ နွားလှည်းများနှင့် သုံးလေးနာရီကြာသွားရသည်။ ကံဆိုး သောတနေ့တွင် ထင်းတောအရောက် လှည်းပေါ်ကဆင်းဆင်းချင်းမှာပဲ အဖေပိုးထိခံရသည်။ အိမ်ရောက်ရောက်ချင်း အမေနှင့်ကျမကို စကားတခွန်းမျှပင် မပြောနိုင်ဘဲ အဖေဆုံးပါးသွားခဲ့သည်။ ဆေးပေးခန်းရှိပေမဲ့ ဆေးမရှိသောကြောင့် ရွာတွင်အဆင်သင့်ရှိနေသော ကျန်းမာရေးမှူးးလည်း အဖေ့အား မည်သို့မျှ မကယ်နိုင်ခဲ့ပါ။ စာမတတ်သောအမေနှင့် အရွယ် မရောက်သေးသော ကျမတို့မောင်နှမဘဝတွေ မုန်တိုင်းထန်ခဲ့ရသည်။ ခိုင်းနွားနှစ်ကောင်ရှိသည့်အနက် တကောင်ရောင်း ပြီး အဖေ့အသုဘလှအောင် လုပ်ပေးခဲ့ရသည်။ ပညာတတ်ကြီးဖြစ်ချင်ခဲ့သော ကျမဘဝရဲ့ရောင်ခြည်တွေလည်း အဖေနဲ့ အတူ ငုပ်လျှိုးကွယ်ပျောက်ခဲ့ရသည်။
အသုဘမပို့မီ အဖေ့အား နောက်ဆုံးကန်တော့ရင်း “အဖေ”လို့ ခံစားချက်များ ရောထွေးစုစုံစွာ ခေါ်ဖြစ်သည်။ သားသမီး အပေါ်တွင် ဖခင်ပီသသောအဖေသည် အမေ့အတွက် ခင်ပွန်းကောင်းတယောက်တော့ မဟုတ်ခဲ့ပေ။ အဖေသည် “အိမ်ထောင်ဦးစီး၊ အိမ်ဦးနတ်”ဟုဆိုကာ အမေ့ကိုငြိမ်ဝပ်နေအောင် အုပ်ချုပ်ထားနိုင်တဲ့ အတ္တသူရဲကောင်းတယောက် လည်း ဖြစ်ခဲ့သည်။ အဖေလယ်ထဲသွားအလုပ်လုပ်နေစဉ် အမေသည် အိမ်တွင် နွားချေးကြုံးကအစ၊ အဖေပြန်လာလျှင် ထမင်းပွဲရှေ့ရောက် လုပ်ကိုင်ပေးရသည်။ အမေသည် ကျမလူမှန်းသိတတ်စအရွယ်မှစ၍ နေထွက်မှနေဝင်အထိ အလုပ် များကို ဇယ်ဆက်သလို မနားတမ်းလုပ်နေရသည်ကိုပင် တွေ့နေရသည်။ ဒါတောင် အဖေပြန်လာလျှင် တံပိုးမှနွားများကို ဆီးကြိုဖြုတ်ပေးရသည်။ အဖေသည် စိတ်မထင်သလျှင် မထင်သလို အမေ့အား ငေါက်ငမ်းလေ့ရှိသည်။ ကျမမှတ်မိ သလောက် အဖေကအမေ့အား ချိုချိုသာသာဆက်ဆံသည်များကို မတွေ့ဖူးပါ။ အမေသည် သဘောကောင်းပြီး ပျော်ပျော် နေတတ်သူဖြစ်သည်။ အမေ၏ပြုံးရယ်မှုများကို အဖေ့ကွယ်ရာတွင်သာ တွေ့ရလေ့ရှိသည်။ အဖေရှိသောအချိန်များတွင် အလုပ်များကို မနားမနေလုပ်ရင်း ဆူပူငေါက်ငမ်းခြင်း မခံရအောင်သာ သတိထား၍ လုပ်နေတတ်သည်။ အိမ်ထောင် တခုတွင် မိန်းမနှင့်ယောင်္ကျားတို့ လိုအပ်ချက်ကိုယ်စီနှင့် ဘဝကို ဖြည့်ဆီးပေါင်းဖက်တာချင်း တူညီကြသော်လည်း မိန်းမ ဖြစ်သောအမေက ဘာကြောင့် ဒီလိုနိုင်ထက်စီးနင်းပြုမူမှုများကို အမြဲခေါင်းငုံ့ခံနေရတာလဲလို့ ကျမ မကြာခဏ စဉ်းစား ဖူးသည်။ တချိန်တည်းတွင် အဖေ့အားလည်း မကျေနပ်ခဲ့။ ကျမကတော့ မဟုတ်မခံစိတ်ရှိသူပီပီ အဖေကအမေ့အား ဆူပူ ငေါက်ငမ်းလျှင် “အဖေက ဘာမှန်းလည်းမသိဘူး၊ အမေလည်း တချိန်လုံးအလုပ်တွေ မနားတမ်းလုပ်နေရတာ၊ ဆူဖို့ပဲ သိတယ်”ဟု တခါတရံပြန်အော်ဖြစ်သည်။ ထိုအချိန်မျိုးတွင် သားသမီးအားလုံးထဲတွင် သမီးကိုသာအချစ်ဆုံးဟု ပြောလေ့ ရှိသော အဖေက ကျမအား ဒေါသမျက်လုံးများနှင့်သာ စိုက်ကြည့်လေ့ရှိသည်။ အမေက ကျမအား မသိမသာ ဆွဲဆိတ် သည်။ အဖေ့ကွယ်ရာတွင် အဖေ့ကိုပြန်ခံမပြောဖို့ ဆုံးမသည်။ ကျမကတော့ အမေပြောနေသည့်ကြားမှ “အမေက ဒီလိုအလျှော့ပေးလို့ အနိုင်ကျင့်နေတာ၊ မဟုတ်ရင် မခံနဲ့ပေါ့”လို့ ပြန်ပြောသည်။ “မလုပ်ပါနဲ့အေ၊ သူလုပ်ကျွေးလို့ ငါတို့ ထမင်းနပ်မှန်အောင် စားနေရတာ”ဟုလည်း ဆိုပြန်သည်။ ဒါပေမဲ့အမေ… အမေ့ရင်ထဲမှာ ဘာတွေရှိနေတယ်၊ အဖေဆူရင် ဘယ်လိုခံစားရတယ် ဆိုတာလောက်တော့ အမေတုံ့ပြန်မိဖို့ကောင်းပါတယ်လို့ ကျမက စောဒကတက်ဖြစ်အောင် တက် လိုက်သေးသည်။ ထိုစဉ်က အဖေ့ကိုမုန်းလို့မဟုတ်ပေမဲ့ အမေ့အားရိုက်နှက်ညှင်းဆဲခြင်းမပြုဘဲ အမေအားငယ်ပြီး သူရှိမှ ဖြစ်မယ်ထင်အောင် ဘယ်လိုတွေလုပ်ထားပါလိမ့်လို့ လူမမယ်အရွယ် ဦးနှောက်နှင့်မလိုက်အောင် နက်နက်နဲနဲ စဉ်းစား ခဲ့ဖူးသည်။ အမေက အဖေ့ကိုချစ်၍ လက်ထပ်ခဲ့ခြင်းမဟုတ်ဘဲ ကျမအမေကြီး(အမေရဲ့အမေ) စိတ်ချမ်းသာအောင် လက်ထပ်ခဲ့ခြင်းဖြစ်သည်ဟု ကျမအဒေါ်တွေပြောပြလို့သိရသည်။
အဖေနှင့်အမေ အဆင်မပြေဖြစ်ပြီဆိုလျှင် အဖေက အိမ်ပေါ်မှဝုန်းဒိုင်းကြဲပြီး ဆင်းသွားချိန် အမေ့မျက်နှာတွင် မျက်ရည် တွေနှင့်တွေ့ရတော့ ကျမဒေါသထွက်သည်။ အဖေကတော့ စိတ်ဆိုးပြီး ဆင်းသွား၊ ညနေဆိုလျှင် ရေချိန်ကိုက်ပြီး ပြန်လာ လေ့ရှိသည်။ ပြန်လာချိန်တွင်လည်း အမေ့အားနှုတ်ဖြင့် စိတ်ဆင်းရဲအောင် ထပ်မံနှိပ်စက်တတ်သည်။ အမေကတော့ ပတ်ဝန်းကျင်ကြားမှာစိုးရိမ်သဖြင့် မည်သို့မျှတုံ့ပြန်မှု မပြုခဲ့ပေ။ ထိုသို့ ကျမမျက်စိရှေ့တွင် ကြိမ်ဖန်များစွာ တွေ့မြင်နေရင်း ကျမအရွယ်ရောက်လာသည်။ ကျမဦးနှောက်နှင့် စဉ်းစားတတ်သမျှနှင့်ပင် အမေ့အား ခွန်အားတွေကို မျှဝေနိုင်ဖို့ ကြိုးပမ်း ခဲ့သည်။ အနုနည်းနှင့်နှိပ်စက်တတ်သည့်အဖေ့အား ပေါင်းသင်းမနေဖို့၊ အမေ အဖေ့ကိုကွဲလိုက်ပါလားလို့၊ ကျမတို့မောင်နှမ အမေ့ကိုလုပ်ကျွေးမှာပေါ့လို့ လူငယ်စိတ်နှင့် စိတ်လိုက်မာန်ပါ ပြောဖြစ်သည်။ “တည်မိတဲ့ဘုရား ဠင်းတပဲနားနားတဲ့”။ ငါတို့ မြန်မာမိန်းကလေးတွေရဲ့ဘဝက “တခုလပ်ဖြစ်တာနဲ့စာလျှင် မုဆိုးမဖြစ်ရတာက ပိုတင့်တယ်တယ်”လို့ တုန့်ပြန်တဲ့အမေ့ အား “ဘုရားရေ၊ အဲဒီစကားပုံတွေက အမေစိတ်ညစ်ရင် ဘာတွေများ မျှဝေခံစားပေးလို့လဲ”ဟု သနားကြင်နာစွာ မေးမိ သည်။ “ပတ်ဝန်းကျင်လည်း ရှိသေးတယ်သမီးရဲ့”ဟု တုန့်ပြန်သောအမေ့အား ကျမ ဘာမျှ စောဒကမတက်နိုင်ခဲ့ပေ။ အစ်ကိုက ယောင်္ကျားလေးပီပီ အိမ်တွင်းရေးဘာတွေဖြစ်နေသည်ကို မသိ။ အချိန်တန် အိမ်ပြန်လာ၊ သူငယ်ချင်းတွေနှင့် လျှောက်လည်၊ ဘာမျှ ပူပန်ပေးခြင်း၊ ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ နေသာသလိုနေသည်။ ဆယ်ကျော်သက်ကျမအတွက် “မိန်းမဆိုတာ မီးဖိုချောင်နိုင်ရတယ်”ဆိုတဲ့ ဆိုရိုးစကားအကြား ချောင်ပိတ်မိသူပီပီ တအိမ်လုံးရဲ့အပူတွေ အထူးသဖြင့် အမေ့၏ဘဝအမောများကြားတွင် မွန်းကြပ်စွာ ရှင်သန်ခဲ့ရသည်။
ကျမ ၆တန်းကျောင်းသူဘဝတွင် “တခုလတ်ဖြစ်ရတာနှင့်စာလျှင် မုဆိုးမဖြစ်ရတာက ပိုတင့်တယ်တယ်”ဆိုသောအမေ အမှန်တကယ်ပင် မုဆိုးမဖြစ်ခဲ့ရသည်။ အဖေမရှိလျှင် ထမင်းနပ်မှန်အောင်စားရမည်မထင်သော အမေက ဆွေမျိုးများ၏ ဝိုင်းဝန်းလှော်ခတ်မှုနှင့်အတူ မိသားစု၏ လိုအပ်ချက်များကို ဖြေရှင်းနိုင်ရန်ဟုဆိုကာ သူမထက်အနည်းငယ် ငယ်သော ဦးအောင်နှင့် နောက်အိမ်ထောင်ပြုလိုက်သည်။ အစ်ကိုက ပထွေးနှင့်အတူမနေလိုဟု အကြောင်းပြကာ အိမ်သိပ်မကပ် တော့ပေ။ အမေက အစ်ကို့အား အိမ်ကိုအချိန်မှန်ပြန်လာရန်နှင့် အမေ့ကွယ်ရာတွင် မိုက်မိုက်မဲမဲမနေဖို့ သောကများနှင့် တစာစာ ဆုံးမသည်။ ထိုသို့ အမေ့ထံတွင် သောကများနှင့်တွေ့ရပြန်တော့ ကျမရင်နာရသည်။ အရွယ်မရောက်သေးသော မောင်လေးက အဖေသစ်ရပြီဟုဆိုကာ ဝမ်းသာနေသည်။ အပျိုပေါက်ကျမအတွက် မရိုးသားတဲ့မျက်လုံးများနှင့် စိုက်ကြည့် တတ်သော ပထွေးအား မနှစ်မြို့မိ။ သူ့ထံမှ “သမီး”ဟု တစ်ခါခေါ်သံကြားတိုင်း ငရဲတစ်ခါကြီးရသည်။ ရိုးသားပြီး ယုန်သူငယ်လို ဖြူစင်သောအမေက သမီးနှင့်ခင်ပွန်းသစ်ကြားတွင် နားလည်မှုရစေချင်သည်။ ဒီအချိန်တွင် မိသားစုအတွက် အတ္တကြီးသည်ဟုဆိုနိုင်သော အဖေ့အား ပိုလို့တမ်းတမိသည်။ “သမီးမွေးကတည်းက နေလာတဲ့အိမ်ဟာ သမီးအတွက် လုံခြုံမှုမရှိတော့ဘူးလို့ ခံစားသိနဲ့သိလာရပြီအဖေ”လို့ တိုင်တည်မိသည်။
အဖေဆုံးပြီးနောက် ကျမကျောင်းထွက်လိုက်ရပြီး အမေနှင့်အတူ လယ်အလုပ်များဝိုင်းကူလုပ်ရသည်။ ကံကြမ္မာ၏ စေစားချက်အရ ရရိခဲ့သော ပထွေးနှင့်အတူ ဘဝကို လုံခြုံမှုမဲ့စွာ ဖြတ်သန်းရသည်။ ပထွေး၏မရိုးသားမှုများကို အမေ့အား ဖွင့်မပြောရက်ခဲ့။ အဖေ့လောက်သူ့အပေါ်တွင် စိတ်ဆင်းရဲအောင်မပြုမူသော နောက်အိမ်ထောင်ပြုခြင်းကို ကံကောင်းသည် ဟုယူဆထားသော အမေ့ယုံကြည်မှုကို မရိုက်ချိုးရက်ခဲ့ပေ။ အမေ့ကွယ်ရာတွင် မျက်လုံးများနှင့် ဖောက်ပြန်နေသော ပထွေးသည် အချိန်ကြာလာသည်နှင့်အမျှ အတင့်ရဲလာပါသည်။ ကျမအား သမီးအရင်းလိုချစ်သည်ဟုဆိုကာ ဟိုပုတ် ဒီပုတ်နှင့် လက်ရဲဇက်ရဲနိုင်စွာ ဆက်ဆံတတ်သည်။ ကျမရည်းစားထားသည်ကို သိသွားသောအခါ အမြဲဆူပူသည်။ “အစ်မ သမီး၊ ကြည့်ဆုံးမအုံး၊ ကြည့်ပြောထားအုံး”ဟု အမေ့အား မကြာခဏ သွေးထိုးပေးသည်။ “ကျနော်က စေတနာနဲ့ပြောတာ” ဟုလည်း အဆစ်ပါသေးသည်။ အမေက ကျမ၏မဟုတ်မခံစိတ်ကို သိနေသော မိခင်ပီပီ ပထွေးရှေ့တွင် လိမ်လိမ်မာမာ နေဖို့ လေပြေလေးနှင့်ပြောသည်။ စိတ်ဆိုးလွန်းသဖြင့် အမေ့ရှေ့တွင် အံကိုတင်းတင်းကြိတ်ရင်း မျက်ရည်ဖြိုင်ဖြိုင် ကျခဲ့သည်။ သောကတွေနဲ့ပြည့်တင်းနေတဲ့ ဘဝအမောတွေ ဘယ်တော့မှ ပြေပျောက်နိုင်မှာလဲ။
တနေ့ ရွှေဝါရောင်စပါးခင်းထဲတွင် အမေ၊ ပထွေးနှင့် ကျမ စပါးအတူရိတ်သိမ်းနေကြသည်။ ကောင်းကင်ပြင်မှာတော့ ဆောင်းရာသီပီပီ မိုးတိမ်များကင်းစင်လို့နေသည်။ အပြာရောင်မိုးသားကောင်းကင်ကြီးအောက်ရှိ လယ်ကွင်းပြင်ထဲတွင် စာခြောက်ရုပ်များက လေအဝှေ့ ဟိုယိမ်းသည်ထိုးလို့နေကြသည်။ စာငှက်ကလေးများသည်လည်း တကျီကျီတေးသီရင်း စပါးနှံများကို ကိုက်ချီရန် စာခြောက်ရုပ်ကြီးအလစ်ကို ချောင်းမြောင်းလို့နေလေရဲ့။ လယ်ကန်သင်းရှိ စိမ်းမြနေတဲ့ ဇောင်ချန်းပင်မှာလည်း အခွံစိမ်းစိမ်း ပုပုလုံးလုံး ဇောင်းချန်းသီးတွေပြွတ်ခဲလို့နေသည်။ ဇောင်းချန်းချဉ်သိပ်ကြိုက်တဲ့ အဖေ့ကို သတိရမိသည်။ စပါးရိတ်နေရာမှ ကျောဆန့်ရင်း အဆုံးအစမရှိတဲ့ မိုးသားကောင်းကင်ပြာကြီးကို မော့ကြည့်ပြီး အဖေ့ကို လွမ်းဆွတ်လာသည်။ ဘာလိုလိုနဲ့ အဖေဆုံးတာ ၂နှစ်ကျော်လာခဲ့ပြီ။ ကျမပါးပြင်တွင် မျက်ရည်ပူများ စီးကျလာသည်။ ထိုအချိန်မှာပဲ ကျမခါးကိုပွေ့ဖက်တဲ့အထိအတွေ့ကို ရုတ္တရက်ခံစားလိုက်ရသည်။ လက်မှာတံစဉ်ကိုင်ထား ရင်း လှည့်ကြည့်လိုက်တော့…သူ … ဘုရား … ကျမမျက်လုံးများ ပြာဝေသွားသည်။ ဝန်းကျင်ကိုဝေ့ဝဲကြည့်ရင်း စပါး အတူရိတ်နေတဲ့ “အမေ” ဘယ်ရောက်သွားပြီလဲ။ “အမေ… ကျမကို ကယ်ပါအုံး”ဟု အော်တော့ “နင့်အမေ သောက်ရေသွားယူတယ်၊ နာရီဝက်တော့ အသာလေး”တဲ့။ ယုတ်မာလိုက်တဲ့ သူ။ သန်မာတဲ့လက်များနှင့် ကျမကို အတင်း အကြပ်ဖက်တွယ်ထားသည့်ကြားတွင် မလူးသာမလွန့်သာ ရှိလှသည်။ ကျမမျက်နှာနား နီးကပ်လာတဲ့ သူ့မျက်နှာကို တံတွေးနှင့်ထွေးပြီး တုန့်ပြန်မိခဲ့သည်။ နှစ်ယောက်သား စပါးရိုးပြတ်တွေပေါ်မှာ လုံးထွေးနေရင်းက ခွန်အားတွေ ယုတ်လျော့စပြုလာသည်။ အပြာရောင်မိုးသားကောင်းကင်ကြီးအောက်က အဖေကျင်လည်ရာ ဒီလယ်တောထဲမှာ ကျမဘဝ ကံဆိုးမိုးမှောင်ကျရတော့မှာလားဆိုတဲ့အသိက ရင်ကိုပြင်းစွာ နှိပ်စက်သည်။ စပါးရိုးပြတ်များကို အားကိုးတကြီး ဆုပ်ကိုင်နေစဉ် လက်မှလွတ်ကျသွားသော တံစဉ်ကိုပြန်စမ်းမိသည်။ ဘာမှစဉ်းစားမနေတော့ဘဲ ရှိသမျှခွန်အားနှင့် တံစဉ်ကို အားကုန်ဝှေ့ယမ်းပစ်လိုက်သည်။ “အား”ဟူသော အော်သံနက်နှင့်အတူ သူ ကိုယ်ပေါ်မှ လွင့်စင်ကျသွားသည်။ ယောင်္ကျားခြေလှမ်းဖြင့် နှစ်နာရီလောက်လျှောက်မှရောက်သော ကျမ၏ကျောင်းနေဖက်သူငယ်ချင်းရှိရာရွာသို့ ဘယ်ပုံ ရောက်သွားသည် မသိတော့။ ကျမအားလာရောက်တွေ့ဆုံကြသော အမေအပါအဝင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ကျမလက်ခံတွေ့ဆုံခြင်း မပြုဖြစ်ခဲ့ပေ။ ကျမအပေါ် ပထွေး၏မရိုးသားမှုများကို ဖွင့်ဟတိုင်ပင်ခဲ့ဖူးသော ချစ်သူ၏ သံသယ မေးခွန်းများကိုလည်း ရင်မဆိုင်လိုပေ။ အမေ၊ မောင်လေးနှင့်အစ်ကိုတို့အား နှုတ်မဆက်ပဲ သူငယ်ချင်းများ၏အကူအညီနှင့် ထိုင်းနိုင်ငံသို့ထွက်လာခဲ့သည်။
ကျမဘဝတွင် အရွယ်ရောက်ယောင်္ကျား ၃ယောက်နှင့် တမိုးအောက်တွင် ဆုံဆည်းခွင့်ရခဲ့သည်။ တစ်ယောက်ကတော့ ကျမကို သိပ်ပြီးချစ်သည်ဆိုသော အဖေ။ တစ်ယောက်ကတော့ တအူတုံဆင်း အစ်ကို။ နောက်တစ်ယောက်ကတော့ ကျမဘဝတွင် ရွေးချယ်ခွင့်မရလိုက်ပါဘဲ ဆွေမျိုးတော်စပ်ခဲ့ရသူ၊ တနည်းအားဖြင့် သူ့ဘဝအတွက် အမေ့ကို လိုအပ် လှပါသည်ဆိုသော ပထွေး။
ထိုယောင်္ကျားများသည် တမိုးတည်းအောက်တွင် အတူတကွနေထိုင်ရသော မိန်းမသားနှစ်ဦးကိုပင် တချိန်တည်းတွင် စိတ်ချမ်းသာအောင် စိုးစဉ်းမျှ မစွမ်းဆောင်ခဲ့။ မဟာယောင်္ကျားကြီးဝါဒ စွဲကိုင်သူ၊ အတွေ့အထိ၌ သာယာသူ၊ တကိုယ်ကောင်းဆန်သူများအဖြစ် လူ့လောကကို သူတလူငါတမင်း ကြီးစိုးချင်ကြသူများသာ ဖြစ်ခဲ့သည်။ လူ့လောက ပတ်ဝန်းကျင်တွင် ထိုထိုသောယောင်္ကျားများကဲ့သို့ မိမိကိုယ်ကိုသာ ဦးစွာကြည့်တတ်သော၊ ချစ်တတ်သောယောင်္ကျားများ များစွာရှိနေမည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။ အမေသည် ရရှိလာသော လူ့ဘဝကို တင်းတိမ်ရောင့်ရဲစွာဖြင့် ထိုယောင်္ကျားသားများ၏ ဘဝလိုအင်ဆန္ဒပြည့်ဝရေးအတွက် အဖြည့်ခံလူသားအဖြစ် ရှင်သန်ခဲ့ရသည်။ သောက်ရေခပ်ပြီး အပြန် အမေဆုံတွေ့ရသော ဒဏ်ရာရခင်ပွန်းနှင့် တဖက်တွင် ယခုအချိန်အထိ တွေ့ဆုံခွင့်မရခဲ့သော သမီးအကြား အမေ့ ဘဝကို ဘယ်လိုဆက်လျှောက်လှမ်းမလဲဆိုတာကိုတော့ သမီးသိချင်လှပါတယ်အမေ။
တမာရနံ့တွေကို လွမ်းသည်။ တမာရနံ့တွေအစား ဒီမှာရှူရှိုက်ရသည့် ကျမလိုအမျိုးသမီးတွေအပေါ်မှာ ဖိနှိပ်နေတဲ့ နည်းလမ်းပေါင်းစုံ ရောပြွမ်းနေတဲ့ ကာဗွန်နံ့တွေကို ကြောက်ရွံ့လာသည်။ အမျိုးသမီးတွေအပေါ်တွင် နည်းမျိုးစုံနှင့် ခွဲခြားဖိနှပ်ခံရမှုများကို တွေ့မြင်နေရသည်။ ဒါတွေ ဘာကြောင့်ဖြစ်ပေါ်နေတာလဲ။ ကျမတို့အမျိုးသမီးတွေက လူ့လောက ဇာတ်ခုံမှာ အဖိနှိပ်အညှင်းဆဲခံတွေအဖြစ် ဘာကြောင့် ရှင်သန်နေကြရတာလဲ။ မလှပတဲ့ကံကြမ္မာကို ပိုင်ဆိုင်ထားတဲ့ ကျမရဲ့အနာဂါတ်ကရော ဘယ်လိုလဲ။ ကျမသိပ်ချစ်ရတဲ့ အမေနဲ့ရော ဆုံဆည်းခွင့်ရှိနိုင်ပါ့မလား။ မျက်စိတဆုံးမြင်နေရတဲ့ အဆုံးအစမရှိ မိုးကုတ်စက်ဝိုင်းကြီးအောက်မှာ လောကဓံဆိုတဲ့ ဘဝမုန်တိုင်းတွေကြားမှာ မလှပတဲ့ကံကြမ္မာတွေကို ပိုင်ဆိုင်ထားပြီး ဘဝကိုလျှောက်လှမ်းနေရတဲ့ အမေနှင့်ကျမလို အမျိုးသမီးတွေ ဘယ်လောက်များ များပြားနေပြီလဲ။ ။

၂၀၀၇ စက်တင်ဘာလထုတ် ချိုးလင်းပြာအမျိုးသမီးစာစောင် အတွဲ ၄၅၊ အမှတ် ၆ မှ

No comments:

Post a Comment