Friday, December 17, 2010

သားမွေးနေ့မှာရေးတဲ့စာ

သားမွေးနေ့မှာ ရေးတဲ့စာ

သား ဝသုန်

ဒီနေ့ ၂ဝဝ၉ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့။ သားအသက် ၉ နှစ်ပြည့်ပြီနော်။
၂ဝဝ၉ က မေမေ့အတွက် ကံကောင်းတဲ့ နှစ်လား ကံဆိုးတဲ့ နှစ်လားဆိုတာ မေမေ မခွဲခြားတတ်ပါဘူး။ မေမေသိတာကတော့ ဒီနှစ်မှာ ကျရောက်တဲ့ သားတို့ သမီးတို့ရဲ့ မွေးနေ့တွေမှာ မေမေ ရှိမနေနိုင်တာကိုပဲ စိတ်မကောင်း ဖြစ်နေရတာ။ ပြီးခဲ့တဲ သြဂုတ်လ ၁ဝ ရက်နေ့က သားညီမလေး နဒီရဲ့ ၇ နှစ်ပြည့်မွေးနေ့မှာလည်း မေမေသားတို့နဲ့ အတူရှိမနေဘူး။ ဗနာက် ဇူလိုင်လ ၂၄ ရက်နေ့မှာ ၁၃ နှစ်ပြည့်ခဲ့တဲ့ မမယမုံရဲ့ မွေးနေ့လည်း ထို့အတူပဲနော် မေမေပြန်မလာ နိုင်ခဲ့ဘူး။
အဲဒါတွေကိုပဲ မေမေက စိတ်မကောင်းဖြစ်နေရင်း မေမေတို့ မောင်နှစ်မတွေငယ်ငယ်က မေမေ့ အမေ (သားတို့ ဖွားဖွား အညာ အခေါ် အမေကြီးပေါ့) က ပြောတဲ့စကားတစ်ခွန်းကို မေမေ အမြဲသတိရနေရင်း သားတို့ ဖွါးဖွါးကိုပါ ရောလွမ်း နေမိတာပေါ့။ သားတို့ ဘွားဘွားက မေမေ တို့ငယ်ငယ်က ဘာပြောခဲ့လဲသိလား၊ ငါ့သား င့ါသမီးတွေနဲ့ခွဲပြီး သွားရမယ်ဆိုရင် အမေက ရွှေပေးမယ်ဆိုတဲ့ နေရာကိုတောင် သွားဖို့ စိတ်ကူးမရှိဘူးတဲ့။ အဲဒီစကားက မြန်မာနိုင်ငံအလယ်ပိုင်းက အညာသူ မိန်းမကြီးက သားသမီးတွေကို သူ့မေတ္တာကို လှစ်ဟပြတဲ့တစ်ခုတည်းသော စကားစုပဲပေါ့။ ဖွါးဖွါးက သူ့တစ်သက်မှာ သူကစပြီး မေမေတို့ မောင်နှစ်မတွေကို ဘယ်တော့မှ ခွဲမသွားခဲ့ဘူး။ သူစကားအတိုင်းပဲပေါ့။ မေမေတို့ မောင်နှစ်မတွေကသာ အတောင်အလက်စုံတော့ အဲဒီမေတ္တာရှင် အမျိုးသမီးကြီးကို လှည့်မကြည့်စတမ်းကို ခွဲခွါထားခဲ့မိတာပါပဲ။ သိလား ဖွါးက ပြန်ပြောသေးတယ် မေမေ့ကိုလွမ်းလို့ အဖြူအစိမ်းဝတ် ကျောင်းဆရာမတွေကိုတွေ့တိုင်း အဝေးကလှမ်းမြင်ရသလောက် နီးလာရင် သူတို့ကို ဘယ်လိုမှမမြင်နိုင်အောင် မျက်ရည်ပူတွေ တွေတွေစီးကျနေတတ်တာ၊ ကျောင်းဆရာမတွေကို တွေ့တဲ့ အချိန်တိုင်း ဖြစ်လေ့ရှိတဲ့ အလေ့အထလို ဖြစ်နေခဲ့တယ်တဲ့လေ။
မေမေကတော့ သားတို့ ဖွါးဖွါးလိုမဟုတ်ဘူးနော်။ သူပြောသလို ရွှေထွက်တဲ့ ရွှေပေးတဲ့ နေရာမဟုတ်ပေမဲ့ တာဝန်ရှိတယ် နေရမယ်ဆိုတဲ့ နေရာမှာ အလုပ်လုပ်နေရတယ်။ မေမေက သားတို့ဖွါးဖွါးလို သတ္တိမရှိတာလား ဒါမဟုတ် ပိုသတ္တိရှိတာလား ဆိုတာကိုတော့ စဉ်းစားကြည့်ပေမဲ့ ကွဲပြားတဲ့ အဖြေကိုမရပါဘူး။
သားရေ နတ္တော်လဆန်းမှာ မျက်ခုံးကွေး လလေးကတော့ မေမေ့သူငယ်ချင်းတွေနေရာ ၄ ထပ် အဆောင်ရှည်ကြီးရဲ့ ခေါင်မိုးပေါ်မှာ ကြည်ကြည်လင်လင်နေရာယူထားတယ်။ မေမေ့စိတ်တွေကတော့ အဲဒီလကွေးကွေးလေးနဲ့ ဆန့်ကျင်စွာ မုံဝါးရီဝေနေတယ်လေ။ မေမေသားတို့ဆီကို သိပ်ပြန်လာချင်တာပေါ့။ ဒါပေမဲ့ မေမေသားတို့ကိုအကြာကြီး မလွမ်းနိုင်ဘူး။ ဒီနေ့ စနေနေ့ဆိုပေမဲ့ မေမေနဲ့ မေမေ့သူငယ်ချင်း အန်တီစံငြိမ်းသူတို့ လာမဲ့ နိုဝင်ဘာ ၂၅ ရက်နေ့မှာ ကျရောက်မဲ့ နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့အတွက် ထုတ်ပြန်ကြေငြာချက် အကြမ်းရေးနေကြရတယ်။ ခုအဲဒီ ထုတ်ပြန်ချက်အကြမ်းရေးပြီးလို့ သဘာပတိတွေဆီကိုပို့ပြီးချိန်မှာ နာရီကိုကြည့်ုလိုက်တော့ ည ၁၂ နာရီ ခွဲနေပြီ။
တကယ်ပဲ တိုက်တိုက်ဆိုင်ဆိုင် သားကိုမွေးဖွါးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့ ည ၁၂ နာရီအခွဲ အချိန်တိတိပဲနော်။ သားသိအောင် မေမေစပြောပြရအုံးမယ်နော်။ သားမေမေကျောင်းဆရာမလေးက သားဖေဖေ သူပုန် ကျောင်းသားနောက်ကို တာဝန်က ထွက်ပြီး လိုက်လာခဲ့တယ်။ သားမမကိုတော့ မေမေ အလုပ်ကမထွက်ခင် ကယားပြည်နယ်က လွိုင်ကော်ပြည်သူ့ ဆေးရုံကြီးမှာ မွေးခဲ့တယ်။ နောက်တော့ တော်လှန်သူတို့ ထုံးစံအတိုင်း နေရာ အတည်တကျမရှိပဲ ပြောင်းရွှေ့နေလာရာက နောက်ဆုံး မေမေတို့ ချစ်ချစ်ခင်ခင်ခေါ်တဲ့ ဘဲကလော် (မယ်လ) ဒုက္ခသည်စခန်းကို မေမေတို့ မိသားစုလေး ပြောင်းရွှေ့နေခဲ့ကြရတယ်။
မှတ်မှတ်ရရ သားရေ မြန်မာနိုင်ငံ အလယ်ပိုင်း မြေလတ်သူ မေမေက ၁ဝ တန်းအောင်လာတော့ မေမေ့ ငယ်အိပ်မက်တွေ ကြီးထွားခွင့်ရဖို့အတွက် ကယားပြည်နယ်မှာ ကျောင်းဆရာမလာလုပ်ခဲ့တယ်။ အဲဒီနောက်မှ သားဖေဖေနဲ့ တွေ့ပြီး တော်လှန်မြေကို ရောက်ခဲ့တာလေ။ ဒီတော့ သတင်းအမှောင်ချခံထားရတဲ့ တိုင်းပြည်မှာနေ အဲဒီအစိုးရရဲ့ ဝန်းထမ်းဖြစ်ခဲ့တဲ့ မေမေက တကယ်ပဲ ဒုက္ခသည်စခန်းဆိုတဲ့ နာမည်ကို ကြားတောင်မကြားဖူးခဲ့ဘူး။ ရောက်ဖူးဖို့ဝေးစွ ဆိုသလိုပေါ့။ နေစရာမရှိတော့လို့ အေဘီအက်ဒီအက်ဖ် မိသားစုတွေကို ဒုက္ခသည် စခန်းမှာထားမယ်ဆိုတော့ မေမေ့မယ် တုန်လှုပ်လိုက်တာလေ။ သားရဲ့ မမ ယမုံကို ရင်ခွင်ပိုက်ရင်း သားဖေဖေမျက်နှာကိုပဲ အားကိုးတကြီးကြည့်နေခဲ့မိတယ်။ ဒုက္ခသည်တို့ ဒုက္ခိတတို့ ဆိုတဲ့စကားလုံးကို မေမေက ကြိုးပဲ့ပြီး မလုပ်နိုင် မကိုင်နိုင်တော့တဲ့ သူတွေကိုပဲ ခေါ်တာဆိုတာကိုပဲ သိတဲ့အတွက် မေမေကပိုပြီး တုန်လှုပ်နေခဲ့တာပေါ့။ အဲဒီဘာမှမလုပ်ကိုင်နိုင်တော့တဲ့ ဒုက္ခိတတွေနဲ့ နေရမှာပါလားဆိုပြီး ကြိုလန့်နေတာလေ။
အဲဒီအချိန်က တုန်လှုပ်ကြောက်ရွံနေတဲ့ မေမေ့ကို သားဖေဖေက ဒုက္ခသည်ဆိုတဲ့ definition ကိုသေခြာ အဓိပါယ်ဖွင့် ဆိုပြခဲ့တယ်။
ဒုက္ခသည်ဆိုတာ
- လွတ်လပ်ရေးနဲ့ အပြိုင်ပေါ်ထွက်လာတဲ့ ပြည်တွင်းတော်လှန်ရေးလှုပ်ရှားသူတွေကို အုပ်စိုးသူ အစိုးရ အဆက်ဆက် က စနစ်တကျ ထိုးစစ်ဆင်ရာ နယ်မြေတွေက အထူးသဖြင့် တိုင်းရင်းသားပြည်သူတွေ ရွာတွေ အိမ်တွေ မီးရှို့ခံရပြီး နေစရာ မရှိတော့လို့ ရွာလုံးကျွတ်ထွက်ပြေးလားသူတို့ ခိုလှုံရာနေရာ။
- စစ်ပွဲတွေဖြစ်ပွါးရာနယ်မြေတွေမှာ အစိုးရ စစ်တပ်တွေရဲ့ စာရေး ရိက္ခာတွေကို သေနတ်တွေ ကျည်ဆံတွေကို ထမ်းဖို့ အတင်းဖမ်းခေါ်ခံရတဲ့ လူတွေ၊ သူတို့ရဲ့ မဝရေစာ အစားအစာကိုစားပြီး ပင်ပန်းတကြီး ပစ္စည်းတွေထမ်းပိုးနေရာက ကြောက်ရွံ့စွာ ထွက်ပြေးပုန်းအောင်းနေသူတို့ရဲ့ ခိုလှုံရာနေရာ။
- ၁၉၈၈ ခုနှစ်မှာဖြစ်ပွါးခဲ့တဲ့ ၈လေးလုံး ဒီမိုကရေစီ အရေးတော်ပုံအပြီး မြန်မာနိုင်ငံ တက္ကသိုလ် အသီးသီးက ပညတတ် လူငယ်တွေအပါအဝင် လူထု လူတန်းစား အသီးသီးတို့ နေရပ်ဌာနေအသီးသီးကနေ ထွက်လာပြီး ရန်သူစစ်အာ ဏာရှင်ကို ခုခံတော်လှန်ရင်း ခိုလှုံရာနေရာ။
အဲဒါတွေကို အကုန်သိပြီးမှပဲ မေမေက ဒုက္ခသည်စခန်းကို လာဖို့အတွက် စိတ်သက်တောင့်သက်သာ ဖြစ်ခဲ့ရ တာလေ။ သားရေ မေမေဘယ်လောက်ပဲ စိတ်သက်သာရာရခဲ့ပေမဲ့ တကယ်တမ်း ဒုက္ခသည်စခန်းကို ပြောင်းလာခဲ့တဲ့ ၁၉၉၈ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့မှာပဲ ဒုက္ခသည်စခန်းစစ်စစ်ကို မေမေ နဖူးတွေ့ ဒူးတွေ့ တွေ့ခဲ့ရတယ်။ ထိုင်းနိုင်ငံရဲ့ နယ်စပ်မြို့တွေဖြစ်တဲ့ မဲဆောက်၊ မဲစရီးယန်း ကားလမ်းမကြီးဘေးမှာ တောင်တန်းတွေကို နောက်ကျောပေးပြီး ကားလမ်းတလျောက် တွန့်လိမ်လိမ် ရှည်ရှည်မျောမျောနဲ့ သဲပွတ်ကာ အင်ဖက်မိုးထားတဲ့ တံစက်မြိတ်ချင်း ထိနေကြတဲ့ အိမ်ထောင်ပေါင်းများစွာ ရှိတဲ့စခန်းကို မေမေ နေဝင်ရီတရော အချိန်လေးမှာရောက်ခဲ့တယ်။ ဆောင်းဝင် တော့မယ့် အရိပ်အယောင်တွေတွေ့နေရတဲ့ ညနေခင်းလေးမှာပဲ မေမေတို့ လမ်းဘေးရပ်ပေးတဲ့ ကားပေါ်က တဆင့် စခန်းခြံစည်းရိုးကို ဖြဲရဲခွကျော်ပြီး ဝင်ခဲ့ရတဲ့ ပုံရိပ်တွေက မေမေ့ဘဝအတွက်တော့ မမေ့နိုင်စရာ ပုံရိပ်တွေပါပဲ။ အဲဒီည က ရဲဘော်တစ်ယောက်ရဲ့ အိမ်မှာတည်းရင်း ညစာစားပြီး အိမ်ရှေ့က ပဲစင်းငုံပင်နားမှာ ရပ်နေရင်း မှောင်ပိန်းနေတဲ့ ညအောက်က ဖယောင်းတိုင် မီးလေးတွေ အိမ်တိုင်းမှာ ထွန်းထားတာတွေကို လိုက်ကြည့်ဖြစ်တယ်။ နောက် စခန်းရှေ့ကားလမ်းမဖက် မှောင်မဲမဲအောက် က တောင်တန်းတွေနဲ့ တောအုပ်တွေကိုကြည့်ရင်း တော်လှန်ရေးသမားတယောက်ရဲ့ မိန်းမအဖြစ် တော်လှန်မြေတလျှောက် ဆက်လက်လိုက်ပါနိုင်ရမယ်ဆိုတဲ့ အသိနဲ့ ခံယူချက်ကို ပေါင်းစပ်ရင်း မေမေ ဒီဒုက္ခတွေကို ခံနိုင်ရည်ရှိအောင် ကြိုးစားမယ် ဆိုတဲ့ သံဒိဋ္ဌာန်ကို ပြုခဲ့မိတယ်။ အဲဒီညက မေမေ့ပါးပြင်ပေါ်မှာ မျက်ရည်တွေ တွေတွေကျနေခဲ့တယ်။ နောက်တော့ ဒါဟာ ဘဝတိုက်ပွဲအတွက် နောက်ဆုံးကျတဲ့ မျက်ရည်ဖြစ်ပါစေလို့ ကိုယ်တိုင်တိတ်တဆိတ် ဆုတောင်းခဲ့မိတယ်သား။ အခုအချိန် အထိ အဲဒီမေမေ ခံစားခဲ့ရတဲ့ ခံစားချက်ကို သားတို့ဖေဖေကိုတောင် ဖွင့်မပြောဖြစ်ခဲ့ပါဘူး။
အဲဒီနောက်တော့ မေမေဟာ ကရင်လူမျိုး စစ်ပြေးဒုက္ခသည်တွေ အများစုနေထိုင်တဲ့ အပြင်ကနေ သံဆူးကြိုးတွေ ကာထားပြိး စားရေ ရိက္ခာအတွက် ဆန် ၊ ဆီ၊ ပဲဝါလေး၊ ငရုတ်သီးခြောက် ၊ ငါးပိ နဲ့ မီးသွေးတွေကို တလတခါ နှစ်ပတ်တခါလို ပုံမှန်ထုတ်ဝေပေးတတ်တဲ့ အကျယ်ချုပ် အကြီးစားနဲ့တူတဲ့ အဲဒီဒုက္ခသည်စခန်းကို မေမေ့ရဲ့ တတိယ ဇာတိမြေပမာ ချစ်ခင် သံယောဇဉ် တွယ်မိခဲ့တယ်။ အဲဒီစခန်းလေးမှာနေရင်းကနေ ရိုးသားပွင့်လင်းတဲ့ ကရင်တွေကို မေမေချစ်တတ်လာတယ် ကိုယ်ပိုင်လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ ကရင်တော်လှန်ရေးကို တရားတဲ့ တော်လှန်ရေးမှန်း မေမေသိလာခဲ့တယ်။ နောက် အဲဒီစခန်းလေးမှာပဲ တော်လှန်ရေးမှာ ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းနေခဲ့တဲ့ တော်လှန်သူတွေရဲ့ဘဝတွေကို မေမေ နဖူးတွေ့ ဒူးတွေ့ တွေ့မြင်ရင်း ရန်သူစစ်အာဏာရှင်ကို ဆန့်ကျင်လိုတဲ့ တော်လှန်ရေးယုံကြည်ချက်တွေ မေမေ့ရင်မှာ သန္ဓြေွတည်ရင့်သန်လာခဲ့တယ်သား။ အဲဒီစခန်းလေးထဲမှာ မေမေတတ်ကျွမ်းတဲ့ ကျောင်းဆရာမအလုပ်နဲ့ မေမေချစ်တဲ့ မြန်မာပြည်ရဲ့ ရင်သွေးတွေကို စာတွေသင်ပေးနိုင်ခဲ့တယ်သား။ ဒါနဲ့သားရေ မေမေ့ရဲ့ ဒုတိယဇာတိမြေကတော့ ငွေတောင်ပြည် ပေါ့ သား။
သားရေ မေမေက သားကို အဲဒီကြောက်ကြောက်လန့်လန့်ရောက်ခဲ့ရတဲ့ နောက်ပိုင်းမှာ ချစ်ခင်မြတ်နိုးခဲ့ရတဲ့ ဘဲကလော်လို့ ခေါ်တဲ့ ဒုက္ခသည်စခန်းထဲမှာ မွေးဖွါးသန့်စင်ခဲ့တာလေ။ သားရဲ့ ဇာတိချက်ကြွေမွေးရပ်မြေပေါ့။ သားကို မေမေက မမယမုံ ၄ နှစ် ခွဲမှာ မွေးခဲ့တာ။ သမီးပြီး သားကိုလိုချင်နေတဲ့ သားဖေဖေက သားကိုမွေးတော့ တော်တော်ကို ပျော်နေခဲ့တာလေ။ သားကိုချစ်တဲ့စိတ်ထက်ပဲ သမီးမွေးရင် ယောက္ခမခေါ်ခံရ မျက်နှာပန်းမပွင့်ရတဲ့ အရိုးစွဲနေတဲ့ အယူအဆတွေထဲမှာ သားကောင်ဖြစ်ခဲ့ရတဲ့ အတွက်လည်း ပါမယ်ထင်တယ်နော်သား။ နောက် ကိုယ်က သား မွေးထားတော့ ရင်ကော့နေနိုင်တာပေါ့ဆိုတဲ့ အယူအဆတွေကလည်း သားဖေဖေကို ပိုပြီးတော့ပျော်ရွှင်စေဖို့ ဖိအားတွေပေးခဲ့တယ်နဲ့ တူပါတယ် သားရယ်။
သားကိုမွေးခဲ့တဲ့ ညအကြောင်းကို မေမေ အမှတ်တရပြောပြပါအုံးမယ်။
ဒီနေ့လို့နေ့ရဲ့ ည ၁ဝ နာရီလောက်မှာ မေမေ့ဗိုက်စနာခဲ့တာ။ မွေးလောက်မှာမဟုတ်သေးဘူးဆိုပြီး ပေကပ်ပြီး အိပ်ရာထဲမှာနေရာက ၁၁ နာရီ ခွဲလောက်ရောက်တော့ မေမေဘယ်လိုမှ မနေနိုင်တော့လို့ သားကိုမွေးဖို့ ဆေးရုံကို သွာမှဖြစ် မယ်ဆိုပြီး အိပ်ရာထဲကထတဲ့ အချိန် ဆံပင်အရှည်ကြီးနဲ့ မေမေ့မှာ ဗိုက်နာလွန်းလို့ ဆံပင်ကိုတောင် ဆံပင် စည်းကြိုးနဲ့ မစည်းနိုင်ဖြစ်ရတယ်။ သားအဖေ ဘယ်လောက်စိတ်ပူလဲဆိုရင်လေ ဗိုက်နာနေတဲ့ မေမေ့ဆံပင်ကို စည်းပေးတဲ့ သူ့လက်တွေ တုန်နေလို့ ဘယ်လိုမှ မေမေ့ဆံပင်ကို စည်းမပေးနိုင်ခဲ့ဘူး။ နောက်ပိုင်းတော့ သူ့ကိုကြည့်ရင်း ရယ်ပြီး မေမေပဲ ကိုယ့်ဆံပင် တွေကို ကိုယ်တိုင်ကြိုးစားစည်းခဲ့ရတယ်။
အဲဒီတုန်းက စခန်းမှာအတူနေခဲ့ရတဲ့ ရဲဘော်တွေနဲ့ အိမ်ထောင်သည်မိသားစုတွေက အရမ်းချစ်စရာကောင်းကြ တယ်။ စည်းလုံးကြ အပြန်အလှန် ယိုင်းပင်းကြနဲ့ တကယ့်ကိုပျော်စရာ ကြည်နူးစရာကောင်းခဲ့တယ်။ အိမ်ထောင်သည် မိန်းမတယောက် ကလေးမွေးတော့မယ် ဗိုက်နာတယ်လို့ကြားတာနဲ့ ရုံးမှာ စုနေတဲ့ လူပျိုတွေရော လူအိုတွေပါ ဝါးလုံးတွေ ပုခက်တွေကို ကိုင်ပြီးပြေးလာကြတာပဲ။ တခြားလည်း မတွေးနဲ့အုံး ဝါးလုံးတွေက ရိုက်ဖို့မဟုတ်ဘူးနော် ပုခက်ချီပြီး ထမ်းဖို့ ကောင်းနိုးရာရာတွေကို ရွေးပြီးရဲဘော်တိုင်း ယူလာကြတာကိုပြောတာပါ။ မေမေတို့နေတဲ့ ဇုံအေ ရပ်ကွက် ၃ နဲ့ သားဖွါးဆေးရုံရှိတဲ့ ဇုံဘီက တော်တော်လေးကို ဝေးတယ်လေ။ ဒါကြောင့် အရမ်းဗိုက်နာ လမ်းကောင်းကောင်းမ လျှောက်နိုင် တော့တဲ့ မေမေ့ကို ရဲဘော်တွေက ပုခက်တပြင်ပြင်နဲ့နောက်က နေပြိး ပုခက်ထဲကို ဝင်ဖို့တဂျီဂျီ ပြောနေတယ်လေ။
မေမေလည်းပုခက်စီးပြီးလိုက်ရမှာကို အရမ်းကြောက်တာပဲ။ သူတို့ကခေါ် မေမေကငြင်းနဲ့ ဇုံအေကျော်လို့ တံတား တခုနားရောက်တော့ မေမေဆက်မလျှောက်နိုင်တော့ဘူး။ ဒါကြောင့်ပုခက်ပေါ်တက်ခဲ့တယ်။ ဒါပေမဲ့ မေမေအရမ်း ကြောက်ခဲ့တယ် ပုခက်ပြုတ်ကျရင် ဗိုက်ထဲကခလေးတော့ ဒုက္ခပဲဆိုတဲ့ သားသမီးဇောကြောင့် မေမေ ကြာကြာ မစီးဖြစ်ခဲ့ဘူး။
မလျှောက်နိုင်လျှောက်နိုင်နဲ့ လျှောက်လိုက်တာ ဆေးရုံးနားရောက်ခါနီး တံတားတခုနားကိုရောက်တော့ နာလွန်းလို့ ကုန်းပြီးလမ်းလျှောက်ခဲ့ရတယ်။ နောက်ဆုံးတော့ မေမေ ကိုယ်တိုင် လမ်းလျှောက်ရင်းနဲ့ပဲ ဆေးရုံးကိုရောက်ခဲ့တယ်။ မကြာပါဘူး မေမေလမ်းလျှောက်ကောင်းလို့ဖြစ်မယ် နာရီဝက်လောက်နေ ၂ဝဝဝ ခုနှစ် နိုဝင်ဘာ ၂၁ ရက်နေ့ အဂ်ါနေ့ ည ၁၂ နာရီခွဲမှာ သားကိုမေမေ အောင်အောင်မြင်မြင်နဲ့ မွေးဖွါးနိုင်ခဲ့တယ်။ မေမေဆေးရုံးသွားတုန်းက လိုက်ပို့တဲ့သူတွေကတော့ အန်တီညို အခု အမေရိကမှာလေ (မမသျှားသျှားနဲ့ ကိုကိုရန်နိုင်စိုးတို့အမေ) နောက် အန်တီမြင့်တင် အခု ဆွီဒင်မှာလေ (မမအေးဘုံ ကိုကိုအောင်ဘု နဲ့ ပန်းပန်း နန်းနန်းတို့အမေ) နောက် ဦးထားဝယ် အခု အမေရိကန်မှာ (မေသဇင်ဖြိုးနဲ့ ပေါက်စစတို့ရဲ့ အဖေ) အခြားရဲဘော်တွေလည်း ပါသေးတယ် မေမေ မမှတ်မိတော့ဘူး။
သားရေ သားဖေဖေက သားမွေးပြီးတော့ ဆေးလိပ်တွေဖြတ်လိုက်တယ်။ သား ဆေးလိပ်ငွေ့တွေ ရှူမိမှာ စိုးလို့တဲ့ လေ။ သားဖေဖေက သားကိုသိပ်ချစ်တာ။ ငယ်ငယ်က အသားတွေဖြူဝင်းပြီး တုတ်တုတ်ခဲခဲနဲ့ သားကို အန်တီ မြင့်တင်က ချစ်လွန်းတော့ အသဲယားပြီး သားတင်ပါးတွေကို ရိုက်တတ်တယ်။ အဲဒါတွေကို သိတဲ့ သားဖေဖေက သားရဲ့ နုနုနယ်နယ် အသားတွေ နာမှာစိုးလို့တဲ့လေ၊ အန်တီမြင့်တင်က သားကို အဖိုးအိုရေလို့ခေါ်ရင် သားအဖေ သားကိုချီပြီး တကြိုးတည်း ပြေးတော့တာပဲ။ အန်တီမြင့်တင်က ဦးသော်ဇင်နော် ဦးသော်ဇင်ခရီးထွက်မှ အဖိုးအိုနဲ့ တွေ့ကို တွေ့မှာဆိုပြီး နောက်ကနေ လိုက်ရင်း ကြိမ်းတတ်တယ်။ အန်တီမြင့်တင်က သားကို ဘာလို့ အဖိုးအို လို့ခေါ်တာလဲသိလား။ သားငယ်ငယ်က ၂ လ ၃ လမှာ သိပ်အကြီးမမြန်ဘူး။ အကြီးမမြန်တဲ့အပြင် နဖူးတွေမှာ အရေခွံတွေတွန့်ပြီး အသက်အရွယ်ကြီးရင့်တဲ့ အဖိုးအိုတယောက်လို အရေးအကြောင်းတွေကိုတွေ့ရတယ်။ ဒါကြောင့် အန်တီမြင့်တင်ကစပြီး သားကို အဖိုးအိုလို့ နာမည်ပေးလိုက်တာ။ ဘဲကလော်မှာ အဲဒီအဖိုးအိုက နာမည်တွင်သွားပါ လေရောလား။ သားနဲ့ အသက်တူတွေ နဲနဲကြီးတဲ့ သူငယ်ချင်းတွေကအစ သားကို အဖိုးအိုလို့ခေါ်ကြတာ။ မေမေတို့ မဲဆောက်ကို မေမေ့ အဖွဲ့တာဝန်နဲ့ သားတို့ကိုပါခေါ်လာပြီး ပြောင်းလာမှ သားနာမည်ကို ဝသုန်လို့ ခေါ်တဲ့သူတွေတွေ့ရတာ။ ဒါတောင် ဘဲကလော်က ရဲဘော်ဟောင်းတွေနဲ့ သားသူငယ်ချင်းတွေက ပြန်တွေ့ရင် အဖိုးအိုလို့ ခေါ်ကြတုန်းနော်သား။
ခု ၁ နာရီ ၅၅ မိနစ်ရှိပြီဆိုတော့ သား ၁ဝ နှစ်သား ဖြစ်လာပြီနော်။ သားက သားမွေးနေ့ပွဲကို မဲဆောက်က ကာရာအိုကေ ဆိုင်မှာ ဦးကျော်လင်း ဖိုးသားကြီး မမငြိမ်း၊ နောက် ဖေဖေ မမ ညီမလေး လေးလေးနန်းကို နောက် အေဘီရုံးက ရဲဘော်တချို့နဲ့ ပျော်ပျော်ကြီး စားခဲ့သောက်ခဲ့ ကဲခဲ့ပြီး အိပ်မောကျနေလောက်ရောပေါ့နော်။ မေမေကတော့ အန်တီစံငြိမ်းသူနဲ့ မမခရစ္စတင်း တို့ အခန်းလေးထဲက ကုတင်ပေါ်မှာ သားအတွက်စာကို အခုနိဂုံးချုပ်နေလေရဲ့နော်သား။ သူတို့ နှစ်ယောက်ကတော့ အိပ် နေပြီသားရဲ့။ မေမေသာ မအိပ်နိုင်သေးတာနော်။
သားရေ ဒီ ကိုးနှစ်မြောက်မွေးနေ့ကနေ နောင်နှစ်ပေါင်းများစွာ မေမေတို့ ဖေဖေတို့ မမယမုံတို့ ညီမလေး နဒီတို့နဲ့ အတူ ဘဝကိုပျော်ရွှင်စွာဖြတ်သန်းကျော်လွှားနိုင်ပါစေ။
သား စာကြိုးစားရမယ်နော်။ နောက် လိမ်လိမ် မာမာနေရမယ်။ သားရေ လူကောင်းလူတော်ဖြစ်အောင် ကြိုးစား နော်။

ချစ်တဲ့မေမေ
နံနက် ၁ နာရီ ၅၉ မိနစ်
၂၂ ရက် နိုဝင်ဘာ ၂ဝဝ၉

(ချင်းမိုင် - ထိုင်းနိုင်ငံ)

No comments:

Post a Comment