Friday, March 11, 2011

အရိပ်

(၁)
“မဝေရေ ကျမ ကွမ်းယာသွားဝယ်ချင်တယ် အဖေါ်မရှိလို့ လိုက်ခဲ့ပေးပါလား”
“မအားသေးပါဘူးအေ၊ ဒီမယ် အလုပ်ပိတ်တုန်း ကလေးအ၀တ်တွေ စုလျှော်နေရတယ်”
“လုက်ခဲ့ပါ အစ်မရဲ့ အစ်မပါရင် ဟိုဘက်ကကောင်တွေ နောက်ရဲမှာ မဟုတ်ဘူး”
“ဘယ်သူတွေလဲ ထိုင်းတွေလား”
“မဟုတ်ဘူး ကျမတို့မြန်မာပြည်သားတွေပဲပေါ့။ အဲဒီရှေ့ကဖြတ်သွားရင် အမြဲတမ်းနောက်ခံရတယ် ဟိုမိန်းမတွေပါရင်တော့ တစ်မျိုးပေါ့ ခုသူတို့မရှိကြဘူး အပြင်ထွက်သွားကြတယ်လေ။”
“အေးပါ ဒါဆို ဒါလေးပြီးအောင်လျှော်လိုက်အုံးမယ်၊ ခဏစောင့် မစောင့်နိုင်ရင်တော့ ညည်းသဘောဘဲ။”
“အာ-စောင့်မှာပေါ့ အ၀တ်တွေကို ကျမကူလှမ်းပေးမယ်။”
“ရပါတယ်အေ အသာနေစမ်းပါ၊ သွား သီချင်းခွေကြည့်ရင်း စောင့်နေ။”
ကွမ်းယာကို နှစ်သက်ခုံမင်စွာ စားလေ့ရှိသော မိုးအကြောင်းကို ကျမကောင်းကောင်းသိသည်။ ကွမ်းယာသည်မအေးကို ကျမတွေ့ချင်သဖြင့် ကွမ်းယာသွားဝယ်ရင်ခေါ်ပါဟု ပြောထားဖူးသည်။ မိုးက ကျမကို စကားနာထိုးပုံမပေါက်တော့ ကျမပြောထားသည်များကို မေ့နေဟန်တူသည်။ လုပ်လက်စ အလုပ်များကို လက်စသတ်ပြီး မိုးနှင့်အတူ ထွက်လာခဲ့သည်။
မိုးပြောသောကောင်လေးများ၏ တိုက်တန်းလျားရှေ့အရောက် “တွေလား မဝေ အဲဒီကောင်တွေကြည့်တဲ့ပုံကို၊ အစ်မသာမပါရင်တော့ သူတို့ပါးစပ်ပုတ်နဲ့ ပေါက်ကရနောက်ပါလိမ့်မယ်။”
“အေးပါ မိုးရယ် ခပ်တည်တည်သာနေလိုက်ပါ သွားကြည့်မနေပါနဲ့။”
ကျမတို့ နှစ်ယောက်လျှောက်လာရင်း လမ်းချိုးကွေ့လေးတွေ လွန်လာတော့ စပါးခင်းများကို တွေ့ရသည်။
“ဟိုမှာကြည့်စမ်းပါ မိုးရယ်။ ဘယ်လောက်တောင် ကျက်သရေရှိလဲ” ဟုပြောရင်း ၀င်းဝါနေသော စပါးခင်းကြီးကို လက်ညိုးထိုးပြဖြစ်သည်။
“ဟုတ်တယ်နော် စပါးတွေမှည့်ကုန်ပြီ လှလိုက်တာအစ်မရေ ကောက်နံ.တွေလည်း သင်းနေတာပဲနော်။”
“အေးဟယ် ရင်ထဲမှာ တမျိုးကြီးပဲ”
“ကျမ ဒီဘက်ကို မရောက်ဖြစ်တာနဲနဲကြာပြီ ကွမ်းယာကိုသူများနဲ့ပဲမှာနေတာ စပါးတွေ ဒီရက်ပိုင်းအတွင်း ၀င်းဝါနေလိုက်တာ” ဟု မိုးက တုန့်ပြန်သည်။
“ဆောင်းအငွေ့အသက်များ ရောပြွန်းနေသော နေရောင်ခြည်က ၀န်းကျင်ကိုညင်သာစွာ လွှမ်းခြုံလို့ ထားသည်။ ကြည်စင်ပြာလဲ့နေသော မိုးကုတ်စက်ဝိုင်းကြီးအောက်ရှိ ရွှေဝါရောင်စပါးနှံများက ငိုက်မြည်းလို့နေကြသည်။ ထိုရှု့ခင်းက လှပကြည့်နှုးဖွယ်ရာ ပန်းချီကားတစ်ချပ်နှယ် တင့်တယ်လိုနေသည်။ ယခုလို ဆောင်းရာသီရောက်တိုင်း ငယ်ငယ်က အမေနှင့်အတူ လယ်ထဲတွင် စပါးရိတ်သိမ်းသူများကို နေ့လည်စာထမင်းသွားပို့ပေးရင်း လယ်ကန်သင်းခုံတွင် ထမင်းများမြိန်ရည်ရှက်ရည်စားရသည်များကို သတိရလိုက်မိသည်။ တောဓလေ့ တောသဘာဝတွေနဲ့ ဝေးကွာခဲ့တာနှစ်တွေ အတော်ကြာညောင်းခဲ့ပြီပဲ လွမ်းမောဘွယ်ရာ အတိတ်အရပ်တွေက ရင်ကိုအောင့်သက် စူးရှသွားစေသည်။
“အစ်မ ဘာတွေတွေးနေတာလဲ ငြိမ်လှချည်လား ရောက်နေပြီ”
“မိုးရယ် စပါးခင်းတွေကိုတွေ့ရတော့ အမေနဲ့ရွာကို သတိရသွားလို့ပါ”
တွေးရင်းငေးရင်းလျှောက်လာရာ ကွမ်းယာသည် မအေးအိမ်ရှေ့ကို ရောက်လို့ရောက်မှန်းပင် မသိတော့။ သွပ်ပြားအဟောင်းများ မိုးကာထားပြီ သစ်သားဘကာပြားများခင်းကျင်းထားတဲ့ ခြေတံရှည် အိမ်လေးတစ်လုံးရှေ့အရောက်တွင် မိုးသည် လူရိပ်လူခြေကို စောင့်ငဲ့ကြည့်နေသည်။
“နင့်မိတ်ဆွေရှိရဲ့လား အသံပေးလိုက်ပါအုန်း” အသာနေပါအုန်းဟူသောအထာဖြင့် မိုးက ကျမလက်ကိုဆွဲညှစ်သည်။
“အစ်မရေ အစ်မကွမ်းယာရှိလား။”
“အော် မိုးတို့ပါလား လာလေရှိတယ်၊ ဒီဘက်ကိုတောင်မလာတာကြာပြီနော်။” အပြန်အလှန်ပြောဆိုရင်း ကျမတို့နှစ်ယောက်အိမ်ပေါ်သို့တက်လိုက်သည်။ မအေး၏မျက်နှာကို အကဲခတ်ရင်း တစုံတရာကို ကျမရှာဖွေနေမိသည်။ သာမန်လက်လုပ်လက်စားဖြစ်သူ မအေး၏ စိတ်ဓါတ်ခွန်အား (သို့မဟုတ်) သူမအား မကြာခင်အချိန်က ပစ်ခွါသွားသော ခင်ပွန်းအပေါ်သဘောထားနှင့် ရုန်းကန်လှုပ်ရှားနေသော ဘ၀အပေါ်ခံယူချက်များကို စူးစမ်းလိုက်ခြင်းပင်ဖြစ်သည်။
(၂)
မအေးက ကျမအား အနည်းငယ်စူးစမ်းဟန်ဖြင့် ပြန်ကြည့်နေသည်။
“အစ်မအေးရေ ဒါကျမရဲ့ အစ်မလိုရင်းနှီးတဲ့ မဝေတဲ့”
“သြော်ဟုတ်လား မိုးကိုတော့ ကောင်းကောင်းရင်းနှီးနေပါပြီ အစ်မကိုမြင်တော့ မြင်ဖူးပါတယ် အခုမှ လူချင်းသိရတာပေါ့။”
“ဟုတ်ကဲ့မအေး ကျမကိုလည်း မိုးကိုခင်သလို ခင်လိုရပါတယ် ကျမက ကွမ်းတော့စားတတ်ပေမယ့် မိုးလောက်တော့မဟုတ်ဘူးပေါ့”
မအေးဘေးတွင် ထမင်းထိုင်စားနေသော ကလေးတယောက်ကို တွေ့ရသည်။ “ဟယ်ကလေးက ကျောင်းမသွားဘူးလား ဘယ်နှစ်နှစ်ရှိပြီလဲ”
“နှစ်နှစ်ကျော်ပြီလေ” ဟု မအေးက တုန့်ပြန်သည်။
“ကလးက ချစ်စရာလေးမဝေ ယောက်ျားလေးလေ” ဟုပြောရင်း မိုးက ကလေးအနားကို ကပ်သွားသည်။
“ဟုတ်သားပဲ သားကချစ်စရာလေးပဲ ခုဘာဟင်းနဲ့ စားနေလဲ” ကလေးက ကျမအမေးအားမဖြေပဲ ခပ်တည်တည်နှင့်ကြည့်နေသည်။ ကလေးငယ်၏ခေါင်းကို ကျမညင်သာစွာပွတ်သပ်ပေးမိသည်။ အပြစ်ကင်းစင်ပြီး အရွယ်မရောက်သေးတဲ့ကလေးတွေဘ၀က တာဝန်မဲ့လွန်းလှတဲ့ ဖခင်တယောက်ကြောင့် အနာဂတ်လမ်းတွေကို ခက်ခက်ခဲခဲရုန်းကန်ကြရအုန်းမှာပေါ့ဟုတွေးမိသဖြင့် ရင်ထဲတွင် ထိုင်းမှိုင်း လေးလံသွားသည်။
“မအေး ကလေးဘယ်နှစ်ယောက်ရှိလဲ။”
“၃ ယောက်ရှိတယ်။ အကြီးတွေက ကျောင်းသွားတက်နေကြတယ်။ ဒီအနားက ကျောင်းမှာပဲလေ” ဟူသော သူမ၏ရှည်ရှည်ဝေးဝေးပြန်ဖြေသံကြားလိုက်ရတော့ ကျမအားရှိသွားသည်။ ကျမက မိုးအား လက်ကုတ်ပြီး သူမခင်ပွန်းအကြောင်းမေးရန် တိုးတိုးကပ်ပြောဖြစ်သည်။ မိုးသည် မအေးထံတွင် ကွမ်းယာ လာဝယ်စားရင်း အလပသလ္လာပမှ ၄င်းတို့၏မိသားစုရေးအထိ ပြောနေကျဖြစ်သဖြင့် သူတို့နှစ်ဦးကြားတွင် ယုံကြည်မှုက အတန်အသင့်ရှိနေပြီဟု သိထားသဖြင့် မေးခိုင်းရခြင်းဖြစ်သည်။
“အစ်မ ဘာသတင်းရသေးလဲ ဖုန်းဆက်သေးလား”
“မဆက်ပါဘူး မိုးရယ် သူပျောက်သွားတာ ၃ လလောက်ရှိပြီ မိန်းမယူသွားတယ်လို.လည်း ပြောကြတာပဲ။ အစ်မတော့ ဘာပဲဖြစ်ဖြစ် မမျှော်တော့ဘူး။ ထွက်သွားကာစကတော့ မျှော်မိတယ်။ ခုတော့သူလည်း သူ့လမ်းကိုလျှောက်သွားသလို အစ်မလည်း အစ်မဘ၀ကိုကျိုးစားရုန်းကန်ရမယ်။ ကိုယ့်ကိုမကြင်လို့ ပစ်သွားတဲ့လူကို မျှော်နေလည်းအလကားပေါ့မဟုတ်ဘူးလား။ သူသွားကာစက အိမ်ရှေ့အိမ်ကို ဖုန်းဆက်သေးတယ်။ သူဘန်ကောက်မှာ အလုပ်သွားလုပ်တာတဲ့ ငွေပို့ပေးမယ်လို့ ပြောတယ်။ အဲဒီတစ်ခါဆက်ပြီး နောက်မဆက်တော့ဘူး ဘာသတင်းမှလည်း မရတော့ဘူး။ ကြည့်လေ့ မိုး သူသွားတာကြာပြီ ကလေးတွေအတွက် ပိုက်ဆံတစ်ပြားမှတောင်ပို့မပေးဘူး”ဟု အမျိုးသမီး အချင်းချင်းတွေမို့ထင်ပါရဲ့ မအေးက ပွင့်ပွင့်လင်းလင်းပြောပြသည်။
ကျမလည်း တိတ်တဆိတ်နားထောင်နေရာမှ “မအေးကလေးငယ်နဲ့ဆိုတော့ အပြင်အလုပ်လည်း ထွက်လုပ်လို့ရမှာမဟုတ်ဘူးနော်။”
“အင်းပေါ့လေ အိမ်မှာနေရင်းလုပ်လို့ရတဲ့ ကွမ်းယာပဲရောင်းရတာပေါ့ တခြားဘာမှလည်း လုပ်လို့မရပါဘူး”
“ဟုတ်တယ်နော် မိခင်တွေက ဒီလိုပဲ ကလေးငယ်ရှိရင် အလုပ်လုပ်ဖို့စဉ်းစားရတာ ဘယ်တော့မှ အဆင်မပြေဘူး”
စကားပြတ်သွားရာ မိုးကိုကြည့်လိုက်တော့ ကလေးနှင့် အပေးယူတည့်နေသဖြင့် နောက်ထပ်စကား ဆက်ပြောမည့်ပုံမပေါ်ပေ။ အပျိုဖြစ်သော မိုးကကျမစိတ်ဝင်စားသော မအေး၏အိမ်ထောင်ရေးကို စိတ်ဝင်စားပုံမပြ။ သို့ပေမယ့် ကျမက ကလးသုံးယောက်နှင့် ချန်ထားခံခဲ့ရသော မိန်းမတစ်ယောက်၏ ဖွင့်ဟလွင့်စင်ကျလာမည့် စကားများကို နားလည်စာနာစွာ နားထောင်ပေးချင်နေမိသည်။
ထိုစဉ် အိမ်ပေါ်သို့ အမျိုးသမီးတစ်ယောက်တက်လာသည်။ မီးဖိုနားရှိ အိုးခွက်များကို ဆတ်ခနဲ လှန်လှောရင်း “မအေး ညည်းကလည်း ခရမ်းသီးနှပ်လေးဘာလေး ပိုလုပ်ထားတာမဟုတ်ဘူး ငါကမနေ့ကလို ညည်းဆီက ဟင်းရမယ်ထင်လို့ အိမ်မှာ ဘာဟင်းမှတောင် ချက်မထားဖြစ်ဘူး”။
“ဟုတ်လား ကျမလည်း အရင်းအနှီးနည်းတာနဲ့ ပိုမချက်နိုင်ဘူး”။
သူတို့နှစ်ယောက် အပြန်အလှန်ပြောနေကြသော စကားများကိုနားထောင်နေရင်း အနီးဝင်းကျင်ကို အကဲခတ်ကြည့်လိုက်တော့ ဟင်းထုတ်လေးများကို ပလပ်စတစ်အိတ်ထဲတွင် ထည့်ထားသည်ကို တွေ့ရသည်။
“သြော်အခုမှ မအေးလုပ်ထားတဲ့ဟင်းထုတ်တွေကို သတိထားမိတယ် သိရင်လာဝယ်စားလို့ရတာပေါ့နော် မိုး”။
“ဟယ်ဟုတ်သားပဲ မအေးက မိုးကိုတောင်မပြောပြဘူး” ဟု မိုးက စိတ်ကောက်သလို အမှုအရာနှင့်စသည်။
“မိုးရေ အစ်မက ကျန်းမာရေးကလည်း သိပ်မကောင်းလို့အများကြီး မချက်နိုင်လို့ပါ အခုချက်တယ်ဆိုတာက ရှေ့ဘက်ကစက်ရုံက လူသစ်လေးယောက်စာအတွက်ပဲချက်ပေးတာ သူတို့က ဒီကိုရောက်စဆိုတော့ အသိမိတ်ဆွေလည်းမရှိ၊ ငွေလည်းမရှိဆိုတော့ အစ်မကအားနာလို့ ချက်လက်စနဲ့ ချက်ပေးနေတာ”
“ဟယ်မအေးက ကျန်းမာရေးလည်းကောင်းတာမဟုတ်ပဲနဲ့ ကူညီပေးနေတာ အလကားလုပ်ပေးတာမဟုတ်ပေမယ့် တော်ရုံစေတနာနဲ့ လုပ်နိုင်မှာမဟုတ်ဘူး” ဟုပြောမိသညိ။
ကျမစကားသံအဆုံးတွင် မအေးက ပြုံးလိုက်ပြီး “ကျန်းမာရေး မကောင်းပေမယ့် စေတနာလည်းပါတယ်။ ၀င်ငွေရအောင်လည်း လုပ်ရင်းပေါ့။ ဟိုတစ်နေ့က မုန့်တီလေးချက်ပါတယ်။ ကျန်းမာရေးကမကောင်းတော့ အမောမခံနိုင်ဘူး မုန့်တီချက်ပြီး ပင်ပန်းတော့ မှုးလဲသွားတာ အိမ်ရှေ့စက်ရုံက ကောင်မလေးတွေတွေ့ပြီး ဆရာခေါ်ပေးလို့ ဘတ် ၁၂၀ တောင်ထွက်သွားသေးတယ်။ မုန့်တီချက်လို့ မြတ်တာက ၅၀ လောက် နေမကောင်းလို့ ဆရာခေါ်တာနဲ့တင် အရင်းထဲကပါသွားသေးတယ်”။
မအေးစကားကို နားထောင်ရင်း ကျမ သက်ပြင်းမော တစ်ခုကို မသိမသာ ချလိုက်မိသည်။
“ဟုတ်တယ်နော် ကျန်းမာရေးမကောင်းရင် စိတ်ညစ်ရတယ်။ ကျန်းမာရေးကိုပဲဂရုစိုက်ပါ။ လုပ်နိုင်သလောက်ပဲလုပ်ပေါ့နော် လိုအပ်တဲ့အကူအညီရှိရင်လည်းပြောပါ အားမနာပါနဲ့၊ ငါတို့ဟာ မြန်မာနိုင်ငံသား အချင်းချင်းတွေပဲဆိုတဲ့စိတ်နဲ့ပဲ ညီအစ်မတွေလို ဆက်ဆံကြတာပေါ့နော်။ ကျမနေတာက ဟိုနားမှာပဲ သိပ်မဝေးပါဘူး” ဟု ကိုယ်ချင်းစာစိတ်ဖြင့် ပြောမိသည်။
“ရပါတယ် ညီမရယ် အစ်မက သူများဆီက အကူအညီတောင်းရမှာကို အားနာတယ် ကိုယ့်မှာက ခြေလက်တွေ အကောင်းကြီးရှိသေးတာပဲ စိတ်မပူပါဘူး။ ဟိုတစ်ယောက်ထွက်သွားကတည်းက ဈေးဝယ်၊ ရေခပ်၊ ဟင်းချက်၊ သောက်ရေကို လိုက်ပို့ကိစ္စတွေကိုလည်း စီစဉ်ပေးရတယ်။ အခုမှ ဒီကလေးကို တွေ့ရတာ အခုနကပဲလိုက်ပတ်ကစားပြီးပြန်လာတာလေ။ ကျမမှာ စိတ်ပူရသေးတယ် ဟိုနားက ရေကန်မှာ လွန်ခဲ့တဲ့နှစ်နှစ်လောက်က သားလေးတစ်ယောက်ရေနစ်ဆုံးသွားတယ်။ အဲဒါကြောင့် ရေကန်နားကအိမ်က ကောင်လေးကိုတော့ ကလေးကိုရေကန်နားမသွားအောင် ၀ိုင်းကြည့်ပေးဖို့ အကူအညီတောင်းရတယ်”။
“အော်ဒါဆို မအေးက ကလေးအားလုံးလေးယောက်ပေါ့နော်”။
“ဟုတ်တယ် လေးယောက်ပေါ့”။
“အဲဒီ ကလေးကရော ဆုံးသွားတုန်းက ဘယ်နှစ်နှစ်ရှိပြီလဲ”။
“သုံးနှစ်ကျော်ပြီပေါ့”။
မအေးက ကျမအမေးများကို ပြန်ဖြေရင်း အိမ်ရှေ့ခပ်လှမ်းလှမ်းတွင်ရှိသော စိမ်းညှိနေသည့် ကိုက္ကိုပင်ကြီးကို ရီဝေစွာငေးကြည့်နေသည်။ မအေးရင်ထဲကသောကတွေ အဲဒီကုက္ကုပင်ကြီးရှိ အခက်အရွက်တွေမှာ ကူးလူးနာနေနိုင်ပါစေလို့ တိတ်တဆိတ် ဆုတောင်းလိုက်မိသည်။
“အဲဒီတုန်းကလေ ကျမမှာဒုက္ခရောက်လိုက်တာ ကလေးလည်းဆုံး ယောက်ျားကလည်း ရှုးသွားသေးတယ်။ ဗမာပြည်မှာပြန်ပြီး ဆေးကုလို့ပြန်ကောင်းလာတာ။ မဲဆောက်ကို ပြန်လာတာ ခြောက်လလောက်ပဲ ရှိသေးတယ်။ ကျမကသာ သူနေမကောင်းဖြစ်တော့ ပြုစုလိုက်ရတာ အရှုးကို စိတ်ရှည်သီးခံပြီး လင်တော်နေခဲ့တယ်။ ဒါငါ့ဘ၀အကြောင်းကံပဲဆိုပြီး တစ်ယောက်တည်း ရုန်းကန်လိုက်ရတာ သူကတော့…..”။
ထိုသို့ရှည်လျှားစွာ ပွင့်အံထွက်ကျလာတော့မှ ကျမကိုရင်ဖွင့်မိတဲ့အတွက် မအေးရင်ထဲက သောကတွေ အတန်အသင့်သက်သာကောင်းပါရဲ့ဟု ဖြေတွေးမိသည်။
(၃)
ကျမတို့ ပွင့်လင်းစွာ အပြန်အလှန်စကားပြောနေကြစဉ် လူတစ်ယောက်က “အစ်မအေးရေ ရေက ၂ ပုံးကျန်သေးတယ် ဘယ်လုပ်လုပ်မလဲ”
“အေးအေးယူလာ အိမ်ပေါ်မှာပဲ လာတင်ပေးကွယ်”
“အဲဒါသာကြည့်တော့ သူတို့ကိုရေရောင်းပေးဖို့ ခေါ်ထားတာမကုန်ရင်လည်း အိမ်မှာပဲထားပြီး သူများတွေက ရေလိုတယ်ဆိုရင် ကျမကိုယ်တိုင်ထမ်းပို့ပေးရတယ်။”
အသားညှိစိမ့်စိမ့်နှင့် အသက် ၃၀ ကျော်လောက်သာရှိမည့် မအေးအားကြည့်ရင်း သူမအား ခွန်းအားတွေဖြစ်စေမည့် စကားလုံးများကို သွန်ချနိုင်ဖို့ ကြိုစားလိုက်မိသည်။
“အေးပေါ့နော် အားလုံးက မအေးတာဝန်တွေဖြစ်နေပြီ။ ကလေးတွေကို ကြည့်ရှုရတာနဲ့ စားဝတ်နေရေးအပြင် ပညာတတ်အောင်ပါ သင်ပေးရတယ်ဆိုတော့ ပင်ပန်းမှာပဲ။ ဒါပေမယ့် စိတ်ဓါတ်က အဓိကပါပဲ။ ငါလုပ်နိုင်တယ် ငါ့ဖာသာ ရပ်တည်နိုင်အောင်ကြိုးစားမယ်ဆိုတဲ့အသိက မအေးကို အားအင်တွေအများကြီးဖြစ်စေပါလိမ့်မယ်။ ကျမတို့ပတ်ဝန်းကျင်မှာ သားသမီးတွေကို ပြုစုစောင့်ရှောက်ရင်း ဘ၀ကို ရဲရဲဝံ့ဝံ့ရင်ဆိုင်နေကြတဲ့ မိခင်ကောင်းတွေ အများကြီးရှိပါတယ်”။
“ဟုတ်တော့ဟုတ်တယ် ဒါပေမယ့်လေ သူထွက်သွားကာစကဆို စဉ်းစားလွန်းလို့ ညညအိပ်မပျော်ဘူး။ တောင်တွေးမြောက်တွေးပေါ့။ ငါ့ကိုဘာကြောင့် ဒီလိုလုပ်သွားလဲဆိုပြီး ၀မ်းနည်းတာရော ဒေါသထွက်တာရော အစုံခံစားရတယ်။ နှလုံးရောဂါတောင်ရနေပြီထင်တယ်။ အမောလည်း မခံနိုင်တော့ဘူး။ နောက်မှ ကလေးတွေကို ငါလုပ်ကျွေးရအုံးမယ် သူမရှိလည်း ဘာဖြစ်လဲ ငါ့ဟာငါ လုပ်စားရမှာပဲ အလုပ်လုပ်ရင်းငတ်သေတဲ့လူ မရှိပါဘူးဆိုပြီး စိတ်ကိုပြန်တင်းထားရတယ်။ အဲဒီအပူတွေပြေဖို့အတွက် ခုဆိုညဖက်မှာ တရားထိုင်ပုတီးစိပ်ပုံမှန်လုပ်တယ်။ စိတ်ထဲမှာ ခုမှပဲရှင်းသွားတော့တယ်။
“ဒီလိုဆို မအေးက ကိုယ့်စိတ်ကိုယ် နိုင်တာပဲ၊ ဟိုတလောက ကျမဆီရောက်လာတဲ့ မိန်းကတစ်ယောက်ဆို သူ့ယောက်ျား မယားငယ်ယူသွားလို. ပြန်လာအောင် ဗေဒင်တွေမေး ယတြာချေလုပ်ရင်းနဲ့ ဘတ်နှစ်သောင်းလောက် အကြွေးတင်သွားတယ်ပြောတယ်။ ကျမလည်း “လိုက်မနေနဲ့အစ်မ ငွေကုန်လူပန်းဖြစ်မယ်။ သူစိတ်မကုန်ရင် ပြန်လာလိမ့်မယ် လွှတ်ထားလိုက်လို့” ပြောလိုက်သေးတယ်။ သူတော့ နေနိုင်အောင်ကြိုးစားမယ်လို့တော့ပြောသွားတာပဲ။ နောက်ထပ်တော့ မတွေ့ဖြစ်သေးဘူး”။
“ဟုတ်လား သူကကျမထက်ဆိုးတာပေါ့နော်။ ကျမဆိုရင် အဲဒီအတွက် ကုန်မယ့်ငွေတွေကို ကလေးတွေရှေ့ရေးအတွက် သုံးပစ်လိုက်မှာ”
ကျမစကားလည်းဆုံးရော မအေးမှအံ့သြတကြီးနှင့် အားမာန်ပါစွာတုန်.ပြန်လိုက်သည်။
“ဟုတ်တယ် ကျမတို့မိန်းမမှာ အလွန်အင်အားကြီးတဲ့မိခင်စိတ်တွေက ဘ၀ကိုကျော်ဖြတ်ဖို့ ခွန်အားတွေ မွေးထုတ်ပေးတတ်တာလည်းသဘာဝပဲ မအေးရေ”။
တချိန်လုံး ငြိမ်ပြီးနားထောင်နေသော ဟင်းလာဝယ်သည့် အမျိုးသမီးက
“အဲဒါပေါ့ အိမ်ထောင်ရှိတဲ့ယောက်ျားကို လက်ခံတဲ့ မိန်းမတွေကြောင့်ပေါ့။ နို့မဟုတ်ရင် ဒီလိုမျိုးတွေ ဘယ်ကြုံရမလဲ”။
“အိုး မဟုတ်တာ အစ်မရယ် မိန်းမတွေမှာပဲ တာဝန်ရှိတာမဟုတ်ဘူး။ ယောက်ျားတွေမှာလည်း တာဝန်ရှိတယ်။ ကိုယ်တည်ဆောက်ထားတဲ့ အိမ်ထောင်ကို ထိမ်းသိမ်းရမှာပေါ့ သားသမီးတွေရဲ့ မျက်နှာကိုလည်းထောက်ရမှာပေါ့။ နောက်တသက်လုံးပေါင်းလာတဲ့ မိန်းမကိုလည်း ငဲ့ညာရမှာပေါ့။ အမှားကျူးလွန်းတာချင်းတူတာတောင် သူတို့ကပိုပြီးမှားတာပေါ့။ တာဝန်မဲ့ပုံက ထွက်သွားရင်လည်း လွတ်လွတ်ကျွတ်ကျွတ်ပဲ ကလေးတွေက သူတို့နဲ့မဆိုင်သလိုပဲ အဲဒါမဟုတ်ဘူးလား” ကျမ မခံချင်စွာ ရှည်ရှည်ဝေးဝေးရှင်းပြလိုက်သည်။
ဖောက်ပြန်တတ်သည့်စိတ်က မိန်းမရယ် ယောက်ျားရယ်မဟုတ်ပဲ ရှိတတ်သော်လည်း အမျိုးသားများ ပို၍ကျူးလွန်မှုများသောကြောင့် ကျမယေဘုဆန်ဆန်သုံးသပ်၍ ပြောပြလိုက်သည်။
“အဲဒါလည်း ဟုတ်ပါတယ်” ကျမစကားကြောင့် ဈေးဝယ်အမျိုးသမီးက စောစော အပြစ်ပြောသည့်လေသံမျိုး မဟုတ်တော့ဘဲ လေသံပျော့ပျော့ဖြင့် တုန့်ပြန်သည်။ ဒါတောင် ထပ်ဆင့်၍
“ဒါဖြင့် ဆိုရှေ့ကစက်ရုံမှာဆို ဘယ်လိုလုပ်မလဲ ကောင်လေးမှာမိန်းမရှိတယ်ဆိုတာသိသိကြီးနဲ့ သူ့ဆီလာဖို့ အမြဲခေါ်နေတာရော အဲဒီမိန်းမ မဆင်ခြင်လို့ပေါ့”
“အင်း ကျမတို့ပတ်ဝန်းကျင်ကလည်း တခုခုဖြစ်ရင် မိန်းမတွေကိုအရင်အပြစ်မြင်တတ်ကြတယ်။ ယောက်ျားတွေကိုဆို ယောက်ျားပဲဒါသဘာဝပဲဆို ၀န်းရံပေးတတ်ကြတယ်။ အဲဒါတွေက ယောက်ျားတွေကို မိန်းမတွေအပေါ်အနိုင်ကျင့်ဖို့ ဒါမှမဟုတ် ယောက်ျားတွေကို လူ့လောကမှာ သူတို့လုပ်ချင်ရာ စိတ်ထင်တိုင်းလုပ်ဖို့ ခွင့်ပြုထားသလို ဖြစ်နေတာပေါ့။ ကျမတို့ ယဉ်ကျေးမှုမှာ ရည်းစားစကားဘယ်သူ အရင်စပြောတတ်ကြလည်း ရှင်းရှင်းလေးလေ အမပြောကြည့်”။
“ယောက်ျားလေးပေါ့”။
“အဲဒါပြောတာပေါ့ မိန်းမရှိရက်နဲ့ အပြင်ထွက် လူပျိုလို့ပြောချစ်ရေးဆို သေချာတာကတော့ မိန်းကလေးတွေအတွက် ကိုယ့်ကိုချစ်ရေးဆိုလာတဲ့ လူဆီမှာ လူပျိုလူအိုခွဲခြားမြင်လို့ရနိုင်တဲ့ ထူးထူးခြားခြား ချိုလေးဘာလေးပါမလာတော့လည်း အခက်သားအစ်မရဲ့”
ကျမစကားလည်းဆုံးရော လေးယောက်သား ၀ါးကနဲပွဲကျသွားကြသည်။ ကျမတို့ရယ်သံကြားတော့ ကလေးက ရုတ်တရက်လန့်သွားဟန်ဖြင့် မအေးရင်ခွင်တွင်းသို့ ပြေးဝင်ထိုင်သည်။
“ညီမပြောတာလည်း ဟုတ်သားပဲနော်” ဟု ထိုအမျိုးသမီးမှ တုန့်ပြန်သည်။
ကျမတို့နှစ်ဦး အမှားကျူးလွန်သူများအကြောင်း အပြန်အလှန်ငြင်းခုန်နေသည်ကို မိုးရော မအေးပါ စိတ်ဝင်တစား နားထောင်နေကြသည်။ မအေးက
“တစ်ခုပြောမယ်နော် ကျမ ဘယ်သူ့ကိုမှ အပြစ်မပြောချင်ပါဘူး။ ကျမယောက်ျား ကျမကို ကလေးသုံးယောက်နဲ့ ပစ်သွားတယ်။ ကျမကတော့ ခပ်ရှင်းရှင်းပဲ သူတာဝန် မယူချင်လို့ လှည့်မကြည့်တာ ကျမကို မပေါင်းချင်ရင်တောင် သူနဲ့ရခဲ့တဲ့ ကလေးသုံးယောက်ရှိတယ်၊ သူ့မှာ ဒီကလေးတွေကို ကျွေးမွေးရမယ့် အဖေဆိုတဲ့တာဝန်ရှိတယ်။ အဲဒီတာဝန်တွေကိုသူမယူဘူး။ အခုအချိန်ထိဘာမှ ထောက်ပံ့မပေးဘူး။ နောင်လည်း ထောက်ပံ့မယ်လို့မထင်ဘူး။ ကျမ၀မ်းမနည်းသလို မျှော်လည်း မမျှော်နေဘူး၊ တစ်ခုတော့ရှိတယ်၊ ပတ်ဝန်းကျင်က ယောက်ျားမရှိတော့တဲ့ မိန်းမတယောက်ကို မရိုသေချင်ကြဘူး၊ စမ်းသပ်ချင်ကြတယ်”
ပြောရင်စိတ်မကောင်းဟန်ဖြင့် ငြိမ်သက်သွားသည်။ ကျမလည်း မအေးလက်ကို နွေးထွေးစွာ ဆုပ်ကိုင်ထားလိုက်မိသည်။
“ဟိုတစ်ညကလေ ည ၁၂ နာရီ ထိုးနေပြီ အမျိုးသားတစ်ယောက် ကျမကိုတံခါးလာဖွင့်ခိုင်းတယ် နင်ဘာလုပ်မလို့လဲမေးတော့ ကွမ်းယာဝယ်ချင်လို့တဲ့ ကျမလည်းကွမ်းသီး ကုန်နေတယ်လို့ ပြန်ပြောလိုက်တယ်။ မရဘူးထပ်ပြီးတော့ အိမ်ပြန်ရမှာ အရမ်းဝေးလို့ အစ်မအိမ်မှာ တညလောက် အိပ်ခွင့်ပေးပါလို့ပြောသည်။ ကျမလေ ဒေါသထွက်လိုက်တာ။ ဟေ့ကောင် နင်ပြန်တော့ ပေးလည်းမအိပ်နိုင်ဘူး ကွမ်းယာလည်းရောင်းဖို့မရှိဘူး။ မပြန်ဘူးလား ပြန်မှာလားဆိုပြီး အော်ပစ်လိုက်တယ်။ ဒါတောင်မရဘူး။ တစ်ညပါအစ်မရယ်ဆိုပြီး ထပ်ပြောသေးတယ်။ ဒီမှာ ငါတစ်ယောက်ပဲရှိတယ်။ ကလေးတွေလည်း အိပ်ကုန်ပြီ နင်မပြန်ရင်နေ နောက်မှ ငါ့အဆိုးမဆိုနဲ့နော်လို့ လည်းပြောရော ဒါဆိုအိမ်ရှေ့လှေခါးမှာပဲ အိပ်မယ်လုပ်နေတယ်။ ကျမလေ သူ့အသံတိတ်သွားပေမယ့် လှည့်ပြန်တဲ့ ခြေသံမကြားမခြင်းမအိပ်ရဲဘူး။ အတော်ကြာမှ ပြန်သွားတယ်။ အဲဒီညကလေ မိုးသာစင်စင်လင်းသွားတယ် ကျမတရေးမှ မအိပ်လိုက်နိုင်ဘူး”
ကျမလည်း နားထောင်နေရင်း ဒေါသထွက်မိသည်။ တချိန်တည်း မီးဖိုဘေးတွင် ဓါးသွားတွေလက်နေသော ဓါးမတစ်ချောင်း ထောင်ထားသည်ကို ကြည့်ရင်း “မအေးရေ နောက်တခါ အဲဒီလိုလူမျိုးလာလို့ ပြောမရရင် ဓါးနဲ့သာ ခုတ်မယ်ဆိုပြီး လုပ်လိုက်တော့ ကိုယ့်ကို စော်ကားမခံနဲ့” ဟု ဒေါသနှင့် အကြံပေးမိသည်။
မခေသော မအေးကလည်း “ကျမလည်း သူမပြန်ပဲ အချိန်အကြာကြီး ဒုက္ခဆက်ပေးနေရင် အဲဒီလို လုပ်မိရင်လုပ်မိမှာ” ဟု ပြန်ပြောသည်။
ကျမ စိတ်ပူသွားပြီး “တံခါးတွေ လုံလုံခြုံခြုံလုပ်ထားပါ မအေးရယ် ပြီးတော့ တစ်ခုခုဖြစ်ရင်တော့ ကျမတို့ကို အသိပေးပါ လုပ်စရာရှိတာတွေ လုပ်သင့်တာတွေ ကျမတို့ဝိုင်းဝန်းလုပ်ရမှာပေါ့။ အစ်မတစ်ယောက်တည်းတော့ ကျိတ်ရင်ဆိုင်မနေပါနဲ့။ မတရားတာတွေ ဖြစ်လာရင် တရားတဲ့နည်းနဲ့ ဖြေရှင်းလို့ရတဲ့နည်းလမ်းတွေ အများကြီးရှိတယ်”။
“ကျေးဇူးပါပဲ ညီမရယ် အစ်မ အားတကယ်ဖြစ်မိပါတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်က သူ့ဘာသာရပ်တည်နေတဲ့ မိန်းမတွေဆို သွေးတိုးစမ်းချင်ကြတာ၊ အဲဒါကို ဒေါသထွက်လို့မဆုံးဘူး၊ အတော်ယုတ်မာကောက်ကျစ်ကြတယ်၊ နောက်တစ်ခါ လာရဲ့လာကြည့်ပေါ့။ ကျမတော့ သေသေရှင်ရှင် ချပစ်လိုက်မယ်။ ဘယ်သူစော်ကားတာမှ ငြိမ်ခံနေမှာမဟုတ်ဘူး။ ကျမယောက်ျားနဲ့ ပတ်သက်ရင်လည်း ကျမစိတ်ကပြတ်တယ်။ သူသွားချင်တဲ့လမ်း သူသွားလိုက်ပြီ၊ သူလုပ်ခဲ့တာတွေအားလုံးက သူ့ရဲ့အရိပ်ပဲ သူမသေမချင်း အရိပ်လိုလိုက်နေမှာပဲ သူ့လိပ်ပြာသူသန့်ရင်လုပ်ပေါ့။ ကျမကတော့ ကျမလုပ်ခဲ့တဲ့အလုပ်တွေ သန့်ရှင်းသလို ကျမအရိပ်ကလည်း ကျမနောက်ကို သန့်သန့်လေးလိုက်နေမှာပဲ။ ကိုယ့်ကို မကြင်လို့ပစ်ခဲ့တဲ့ လူတစ်ယောက်အတွက် ပူဆွေးဝမ်းနဲနေရမယ့်အစား ကျမနဲ့ကလေးတွေဘ၀ ရပ်တည်ရေးအတွက် ကြိုးစားရုန်းကန်ရအုံးမယ် ညီမရေ”။
အားတက်သရော ပြောချလိုက်သော မအေးစကားကို နားထောင်ရင်းမှ “မအေးပြောတာ သိပ်တန်ဖိုးရှိတာပဲ အချိန်မရွေးဖေါက်ပြန်နေတတ်တဲ့ ဒီခေတ်ကြီးထဲမှာ မိန်းမတွေအတော်တော်များများဟာ မအေးလို ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေရနေဖို့လည်း သိပ်လိုအပ်တယ် သိလား”။
“မအေးရေ မဝေစကားတွေကိုနားထောင်ရင်း သူစည်းရုံးရေးအောက်ဝင်သွားပြီလား အားတွေရော သိပ်ရှိသွားပြီမဟုတ်လား။ အဲဒီမဝေကလေ အမျိုးသမီးတွေကိုထိရင် နည်းနည်းမှ သီးခံတတ်တဲ့လူ မဟုတ်ဘူး သိလား”
“ကောင်းတာပေါ့ မိုးရယ် ညည်း မဝေလို အမျိုးသမီးတွေလည်း လောကမှာ အများကြီးလိုအပ်တယ် မိုးလည်း မဝေဆီက အသိပညာတွေကို လေ့လာထားအုံးနော်”
ကျမတို့နှစ်ယောက် မအေးအားနှုတ်ဆက်ထွက်ခွါလာခဲ့ပြီးနောက် မအေးပြောသည့် အရိပ်ဟူသော စကားတလုံးက ကျမရင်ထဲတွင် စူးတစ်ချောင်းပမာ ငြိတွယ်ပါလာခဲ့သည်။ ယောက်ျားတစ်ယောက်၏ ပစ်ခွားသွားခြင်းကိုခံခဲ့ရသော မိန်းမတစ်ယောက်၏ အားမာန်ပါသော စကားများကို နားထောင်ရင်း ကျမတို့တတွေ သုံးနေကျစကားလုံး တစ်လုံးဖြစ်သည့် လူဆိုတာ ကိုယ့်သမိုင်းကိုယ်ရေးကြတာ သမိုင်းကောက်ဖို့လိုတယ်ဆိုတဲ့စကားကို သတိရမိလိုက်သည်။ ကျမ စဉ်းစားမိလိုက်တာကတော့ မအေးက သမိုင်းဆိုတဲ့စကားနေရာမှ အရိပ်ဆိုတဲ့ စကားလုံးကို သူကျွမ်းကျင်သလို သုံးစွဲသွားလိုက်တာများလား။
ထနောင်း

1 comment:

  1. သူငယ်ချင်း ..

    ငါလာသွားတယ်.. နောက် ငါ့ဆီမှာ ချိတ်ထားမယ်..အခု အလုပ်သွားတော့မယ်...ဆုံကြသေးတာပေါ့..။

    မဗေဒါ (၈၈)

    ReplyDelete