Thursday, March 10, 2011

မိုးစက်ပွင့်၏ သံစဉ်

ဒီစာစုလေးကလည်း မစိုးအတွက် ဒုတိယစာစုပါ။ ကိုယ့်ယောက်ျားနဲ့  သူ့ ယောက်ျားက တိုက်ဖေါ်တိုက်ဖက်ဖြစ်သလို စခန်းတခုထဲမှာ မိသားစုလိုက် အကြာကြီး အတူနေခဲ့ရဆိုတော့ သူခံစားရသမျှတွေဟာကိုယ်ခံစားရသလို ခံစားခဲ့ရတာပါပဲ။ ဒါကြောင့် ထက်မိုးတင်လေး ဆုံးတော့ ကိုယ့်မျက်စိရှေ့ မှာ မွေးခဲ့တဲ့ကလေး နောက် သမီးငယ်လေး နဒီသော်ထက် ရက် ၂၀ ပဲ ကြီးတဲ့ကလေးမို့အတော်ကို ၀မ်းနဲနာကျင်ခဲ့ရတာပါ။ သူတို့ငယ်ငယ်က တပါတ်တခါ မယ်လစခန်းထဲက ဇုံအေက ဆေးရုံမှာ အဟာရအတွက်ပေးတဲ့ ကြက်ဥတို့  ပဲဝါလေးတို့ ကို သွားထုတ်ရင်လည်း အတူတူသွားရတာ။ ကလေးလေးတွေကို ဖအေတွေရဲ့ ပုဆိုးဟောင်းလေးတွေနဲ့ လွယ်ပြီး ကားလမ်းမတလျောက် လမ်းလျှောက်ပြီး စကားတပြောပြောနဲ့ သွားရတာဆေးရုံသွားဖေါ်သွားဖက်လေ။ ဆေးရုံက အဲလိုပေးတာ ကလေး ၉လသားအထိဆိုတော့ အတူအသွားအတူလာကြရတာ။ ဒါထက် မိသားစုတွေနေတဲ့ အိမ်လေးတွေကလည်း ချောင်းလေးတခုသာခြားတဲ့ တပ်ရင်းမိသားစု အိမ်ယာဝန်းလေးဆိုတော့ တမိသားနဲ့ တမိသား အလွန်ကို နီးနီးစပ်စပ် နေထိုင်ခဲ့ရတာလေ။ ညီအမတွေဖြစ်သလို မိန်းမချင်း ကိုယ်ချင်းစာစိတ်တွေကပါ လွန်လွန်ကဲကဲဖြစ်ပေါ်ခံစားရရင်း ကြိုးစားပြီး ရေးမှတ်ခဲ့တာပါ။


မိုးစက်ပွင့်၏ သံစဉ်


ဟောဒီ မှိုင်းအုံ့နေတဲ့ မိုးသားညိုညိုတွေက သူမနှလုံးသားကို အငြိုးတကြီးနှင့် အမြစ်ပါမကျန်အောင် ထပ်မံဆွဲနှုတ်သွားပြန်ပြီဟု ရင်နာနာနှင့်တွေးဖြစ်လိုက်သည်။ တဖန် ကိုယ့်ဘဝကို အထီးကျန်အောင် နှိပ်စက်တတ်တဲ့ မိုးကို အပြစ်မြင်နေတတ်ခဲ့ပြီ။
တောင်လှန်မြေဖြစ်တဲ့ အလယ်ပိုင်းဒေသမှာ သူပုန်ကျောင်းသားတွေနဲ့ အိမ်ထောင်ကျပြီး သူမလို ခင်ပွန်းသည်တွေနောက်ကို လိုက်ပါလာကြသည့်ရဲဘော်ရဲဘက် သူငယ်ချင်းမတွေ ရဲ့မျက်နှာကို တိတ်တဆိတ် လိုက်လံကြည့်ရှုရင်း သူတို့တတွေကတော့ ကံကောင်းလိုက်ကြတာ၊ ငါ့လိုသောကတွေ မခံစားကြရဘူးဟု အားငယ်စွာလည်း တွေးဖြစ်လိုက်သည်။
သူမကိုမှ ရွေးချယ်ပြီးဒဏ်ခတ်တဲ့ ဘူရားသခင်ကို အပြစ်တင်ချင်စိတ်က ရောက်လုလုအချိန်တွင်သာသနာ့ဝန်
ထမ်း အမျိုးသမီးများ၏ အေးငြိမ်းသောအသံက သူမနားစည်သို့ချိုသာစွာ ဝင်ရောက်လာသည်။ ‘ကံကြမ္မာက ကိုယ့်တယောက်တည်းကိုမှ လုပ်ရက်လေခြင်းလို့ အပြစ်မတင်ပါနဲ့ ဘုရားသခင်က သူဖန်ဆင်းတဲ့လူသားတွေကို သူကိုယ်တိုင် ရုပ်သိမ်းသွားတာ ဘာများငြိုငြင်ဦးမှာလည်း’ ဆိုတဲ့ ဓမ္မတေးသံက သူမရဲ့စိတ်ဆင်ရိုင်းကို အချိန်မှီ ချွန်းအုပ်စေနိုင်ခဲ့သည်။တကယ်တမ်းသူမဘာများ တတ်နိုင်ပါဦးမည်နည်း။ ဒါပေမဲ့ ချစ်သူကိုဆုံးရှုံးပြီး သားသားကို ထပ်မံဆုံးရှုံးရတော့ ဘုရားသခင်ကို အပြစ်မတင်မိပေမဲ့ ပုထုဇဉ်ဖြစ်တဲ့သူမ ကိုယ့်ကို အလဲထိုးတဲ့ ကံကြမ္မာကိုတော့ ရိုးမယ်ဖွဲ့ချင်ခဲ့ပါသည်။
သူမဘဝထဲမှ သံယောဇဉ်အရှိဆုံးလူသားတွေကိုမှ ဘာကြောင့်များရွေးပြီးခေါ်ဆောင်သွားတာလဲလို့ ရင်ထဲတွင် အော်ဟစ်မေးနေမိသည်။ နှစ်နှစ်ဆိုတဲ့ သိပ်မရှည်ကြာတဲ့ ကာလတွေအတွင်းမှာ သူမ အရင်းနီးဆုံးသူနှင့် အချစ်ဆုံး သားငယ်လေးကို သူမဘဝထဲမှ ရက်ရက်စက်စက်နှင့်ခွဲထုတ်သွားခဲ့သည်။
သားဘဝရဲ့ငါးနှစ်ဆိုတဲ့ သက်တမ်းကလေးမှာ မို့မိုကိုခွဲခွါသွားလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးဖြစ်ခဲ့ပါဘူး။ နာတာရှည်သားကို တခြားကျန်းမာသန်စွမ်းတဲ့ ကလေးတွေလိုအများကြီးမျှော်လင့်မထားမိပေမဲ့ ဒီလို ရုတ်တရက်ခွဲခွါသွားလိမ့်မယ်လို့  ဘယ်တုန်းကမှ မတွေးဖြစ်ခဲ့မိပေ။သားပ့ါပါရဲ့နာမည်ကိုခေါ်ရင်း သားအဖတွေ ဆုံနိုင်ပါစေလို့ မသေချာတဲ့ ဆုတောင်းတွေကိုလည်း ရင်နှင့်အပြည့်ဆုတောင်းမိပါရဲ့။ သားသားရေ…..ပ့ါပါကို တွေ့အောင်ရှာပါလို့လဲ ကယောင်ကတမ်း အောင်မိတယ်ထင်ပါရဲ့။ သူမဦးနှောက်နှင့် နှလုံးသားတစုံတွင် အသိစိတ်တွေ ကင်းစင်လျှက်ရှိသည်။
(၂)
မသန်မစွမ်း အပြစ်မဲ့သားငယ်က သူမကိုမပွင့်တပွင့်မျက်လုံးနဲ့ကြည့်ရင်း နောက်ဆုံးနှုတ်ဆက်လို့နေသည်။
သားလေး အိပ်စက်လဲလျောင်းနေရာ အခေါင်းနှုတ်ခမ်းကိုမေးတင်ရင်း နောက်ဆုံးအကြိမ်အဖြစ် သားလေးနဖူးပြင်ကို အကြိမ်ကြိမ်ပွတ်သပ်နေမိသည်။ သားသားနဖူးတွေကလည်း အေးစက်နေလိုက်တာ ။ သားနဖူးတွေ အေးစက်နေပေမဲ့ သူမရင်ထဲမှာတော့ သောကတွေက မီးတောက်တွေအလား ပူလောင်လှသလို အရာရာသည် မှောင်အတိဖြစ်နေခဲ့သည်။ မျက်ဝန်းကပူနွေးနွေး မျက်ရည်စတွေက ပါးပြင်ပေါ်သို့ဒလဟော ဖြတ်သန်းစီးဆင်းသွားသည်။ ရင်ထဲတွင် သားရေ… သားရေဟု အခါခါရေ၇ွတ်ရင်း သားလေးအား နောက်ဆုံးအကြိမ်အဖြစ် မျက်တောက်မခတ်ပဲ စိုက်ကြည့်နေဖြစ်သည်။ သုသာန်တစပြင်က ပကတိ ချောက်သွေ့လို့နေသည်။ မှိုင်းညို့နေတဲ့ မိုးသားညိုတွေက ရိုးတန်ပြိုင်းပြိုင်းဖြင့် ငေါင်စင်းစင်းဖြစ်နေသည့် တောလေးကိုဖုံးအုပ်ထားသည်။ မကြာခင် မိုးစက်ပွင့်လေးတွေကလည်း ဟိုတပေါက် ဒီတပေါက် တဖျောက်ဖျောက်နှင့် သားလေး၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်သူများ၏ ခေါင်းပေါ်သို့ ဖြည်းညင်းစွာ ကျလာသည်။ ထိုစဉ် သင်းအုပ်ဆရာ၏ တရားဟောသံနှင့် ဓမ္မတေးသံများက ဝန်းကျင်၏ တိတ်ဆိတ်မှုကို စတင်ဖြိုခွင်းလိုက်သည်။ အေးချမ်းလှတဲ့ ဓမ္မတေးသံက သူမနားစည်ကနေခန္ဓာကိုယ်အနှံ. အေးစိမ့်စွာ ဖြတ်သန်းသွားသည်။ ”ဒေါ်ကူးရေ ..စိတ်ထိန်းပါကွာ၊ ဒီလိုပါပဲ ၊လောကမှာ ကိုယ်ဖြစ်ချင်တာတွေ မဖြစ်ရသလို ကိုယ်မဖြစ်ချင်တာတွေလည်း ဖြစ်ရတတ်တယ်” အသံတစ်ခု နားထဲတွင်ကြားမိလိုက်သလိုပဲ။ ဒါပေမယ့်သူမ တကယ်ကြားလိုက်ရသည်က လေတိုးသံခပ်ပြင်းပြင်းသာဖြစ်သည်။ ထို့နောက် သူမဝန်းကျင်ကို ကယောင်ချောက်ချားဖြင့် လှည့်ကြည့်ဖြစ်သည်။ ဝန်းကျင်ရှိမိတ်ဆွေအားလုံးက သူမအား စိုးရိမ်တကြီးနှင့် ကြည့်နေကြသည်။ သူမနာမည်အားတတွတ်တွတ်ခေါ်ကြရင်း သတိပေးနေကြသည်။ သူမဘေးနားတွင် စိုးရိမ်တကြီး ထိုင်ကြည့်နေတဲ့ ဘဝလက်တွဲဖော်ကို အားမနာနိုင်လောက်အောင်ရင်ထဲတွင် သောကများက အပြည့်နေရာယူထားသည်။ သူမသတိလက်လွတ်ဖြစ်မသွားပါ။ သူမအားသတိပေးသံတွေက သူမနားစည်ကိုရိုက်ခတ်တလှည့် မခတ်တလှည့်။ ငြိမ်သက်စွာထိုင်နေရင်း သူမစိတ်တွေက သူမဖြတ်သန်းခဲ့တဲ့ ဘဝရဲ့ သံစဉ်များဆီသို့တရကြမ်း တိုးဝှေ့ထွက်ခွာသွားသည်။



(၃)
သားသားကလဲသူ့လိုပဲ သူမကိုထားခဲ့ပြန်ပြီ။ သူမဘာများတတ်နိုင်ဦးမှာလဲလို့ပဲ ပြောချင်ပါရဲ့။ သူမရှိတော့တဲ့ ဒီနှစ်နှစ်တာကာလအတွင်းမှာ သူမဘဝတွေကလည်း ကဘောက်တိကဘောက်ချာ ဖြစ်ကုန်ပြီလို့ ဝန်းကျင်က သမုတ်လေရဲ့။ သူချန်ထားပြီးတော့ သူမဘဝက မျှော်လင့်ထားသည်ထက်ပိုပြီး ခက်ထန်ကြမ်းတမ်းခဲ့သည်။ ငယ်ငယ်ရွယ်ရွယ်နှင့် မုဆိုးမဖြစ်ခဲ့ရတဲ့သူမမှာ ခေါင်းစဉ်တပ် ဖော်ပြလို့မရနိုင်တဲ့ မိတ်ဆွေမမည် ရန်သူမမည်တဲ့ စိန်ခေါ်မှုတွေအများကြီးကို ရင်ဆိုင်ခဲ့ရသည်။ ထိုစိန်ခေါ်မှုတွေ အားလုံးကို သူမအံကြိတ်ရင်ဆိုင်နိုင်ခဲ့သည်။ တခါတရံ ထိုသို့ ကြုံရချိန်များတွင် အံကိုတင်းတင်းကြိတ်ကာ အမေဟု ဆွေးဆွေးမြေ့မြေ့နှင့် မိခင်ကို တမ်းတခဲ့ဖူးသည်။ မတွေ့ရတာကြာပြီဖြစ်တဲ့အမေက သူမအား အားတင်းရင်ဆိုင်ပါ သမီးရယ် .. ဟုပြောသယောင် ကြားယောင်ရင်း အခက်ခဲများကို စိတ်ဓာတ်ခွန်အားနှင့် ကျော်ဖြစ်ခဲ့ရသည်။ သူမဘဝတွင် တော်လှန်ရေးအတွက် ပေးဆပ်ရမှာပေါ့ဟူသော စကားလုံးကြီးကြီးကို မသုံးချင်ပေမယ့် သူပုန်ဖြစ်သောသူနှင့် သားလေးအတွက် သူမဘဝရဲ့ အချိန်တော်များများကို ဖဲ့ထွင်ပေးဆပ်ခဲ့ရသည်။
သူ သက်ရှိထင်ရှားရှိစဉ်က တော်လှန်မြေရောက် သူမသည် အမျိုးသမီး အဖွဲ.အစည်းတစ်ခု၏ အဖွဲ့ဝင်ဖြစ်ခဲ့သည်။ သားလေးကို မမွေးဖွားခင်အချိန်အထိ အမျိုးသမီးရေးနှင့်ပတ်သက်သော သင်တန်းများ ဆွေးနွေးပွဲကို လေ့လာခွင့်ရရှိခဲ့ဖူးသည်။ ပညာတတ်ကြီးမဟုတ်ပေမယ့် သွက်လက်ဖြတ်လတ်သောသူမက လက်တွေ့ဘဝနှင့်ယှဉ်၍ အတွေ့အကြုံတွေဖလှယ်နိုင်ခဲ့သည်။ သားလေးကိုမွေးဖွားပြီးနောက် သူမ စိတ်ဝင်စားရာအရာများနှင့် လိုအပ်ချက်များကို သူမစိတ်ဝင်စားရာအရာများနှင့် လိုအပ်ချက်များကိုအခြေအနေ အကြောင်းအမျိုးမျိုးကြောင့် လက်လွှတ်ခဲ့ရသည်။ သူမဘဝတွင် ကိစ္စအတော်များများကို လစ်လျူရှုလျက် သားလေးကျန်းမာရေးအတွက်စိတ်ရောလူပါ အချိန်ပြည့်ပေးဆပ်နေခဲ့ရသည်။ ထိုသို့ပေးဆပ်ရမှုကိုလည်း သူမမိခင်ကောင်းပီပီကျေကျေနပ်နပ် ထမ်းဆောင်နိုင်ခဲ့သည်။ သူမကောင်းကောင်းမှတ်မိနေသေးသည်။ တောင်လှန်မြေရောက် သူမတို့မိသားစုဘဝတွင် အိမ်တွင်းကိစ္စနှင့် သားကိစ္စများကို အများအားဖြင့် သူမသာလျှင် ဆုံးဖြတ်ချက်ချသူဖြစ်ခဲ့သည်။ သူယုံကြည်ရာနှင်ပတ်သက်လျှင်တော့ သူမဘယ်တုန်းကမှ တိုးမပေါက်ခဲ့ပေ။ မိန်းမကို စိတ်ချမ်းသာအောင်ထားပါတယ်ဆိုတဲ့သူက အမိပြည်ကို ခင်တွယ်လွန်းသဖြင့် သားသမီးကိုပင် လှည့်မကြည့်တမ်း ဆုံးဖြတ်ခဲ့သူဖြစ်သည်။ နောက်ဆုံးတော့ သူမသားလေးတွင် အလွယ်တကူ ကုသလို့မရနိုင်သည့်ရောဂါရနေပြီ ဆိုတာသိပေမယ့် အံကိုတင်းတင်းကြိတ်လျှက် သူ့ဆုံးဖြတ်ချက်အတိုင်း မိခင်အတ္တနှင့် သောကများကို သူမဖာသာကြိတ်မှိတ်ဝါးမျိုရင်း သူကျင်လည်ရာ ဒီဝန်းကျင်မှာ မိန်းမတယောက်ရဲ့ စွမ်းရည်နှင့် သတ္တိတွေကို အစွမ်းကုန်လစ်ဟပြခဲ့ဖူးသည်။
(၄)
သူမရှိတော့ပေမယ့် တော်လှန်မြေမှာဆက်လက်နေထိုင်နေတဲ့ သူမရင်ထဲမှာ တောက်လှန်စိတ်တွေက သန္ဓေတည် ရင့်သန်နေဆဲပါပဲ။ ထိုရင့်သန်စိတ်တွေနှင့်ပင် ဟောဒီတော်လှန်မြေမှာ သူမစိတ်လုံခြုံစွာနှင့် ဆက်လက်ရပ်တည်နိုင်မယ်လို့ ယုံကြည်နေခဲ့မိသည်။ သို့ပေမယ့် နယ်မြေပိုင်းခြားကန့်သတ်လို့မရနိုင်တဲ့ စိတ်တန်ခိုးတွေဖုံးလွှမ်းရာ ဝန်းကျင်က သူမရင်ကိုနာကျင်မှုတွေပေးနေတာ ကာယကံရှင် သူမကလွဲရင် ဘယ်သူပိုသိနိုင်မှာလဲ. မိန်းမသားတွေက ဟောဒီလောကမှာ ရှင်သန်နေရာတာ ဘယ်လောက်တောင် လုံခြုံမှုမဲ့တယ်ဆိုတာ လူသားအားလုံးမသိရင်တောင် မိန်းမသားတိုင်း ကိုယ်ချင်းစာနိုင်ကြပါသည်။ မိန်းမသားတိုင်းဆိုသည်ထက် ဘဝတွင်မုဆိုးမနှင့် တခုလပ်မိန်းမတွေက ပိုမိုခက်ခဲကြမ်းတမ်းစွာ လျှောက်လှမ်းရတတ်တသည်ဆိုသည်ကို ကိုယ်တွေ့ကြုံတဲ့သူမ ဘဝနှင့်ရင်းပြီး နားလည်ခဲ့ရသည်။ သူဆုံးပါးပြီးနောက် သူ၏အရိပ်နှင့် အငွေ့အသက်များက သူမကိုအလွန်အစွမ်းထက်သည့် ဆေးခါးကြီးတခွက်နှယ် သက်ရောက်စေခဲ့တာ ဘယ်သူသိနိုင်မှာလဲ။ သူမရင်ထဲမှာတော့ ထိုဆေးခါးကို သောက်ရတာ ရင်တွေနာကျင် လွန်းလှသည်။ လောကဝန်ကျင်က သူမနှင့် ကျန်ရစ်သူမိသားစုအရေးထက် သွားလေသူ၏ ဂုဏ်ရှိန်တွေကြားတွင် သူမအား အားငယ်စွာမွန်းကျပ်စွာ လှောင်ပိတ်ထားလိုကြဟန်တူသည်။ ဘက်နှစ်ဘက်ကြားက သူမမလူးသားမလွန့်သာဖြင့် ဘဝကိုဖြတ်သန်းရတာများတွေ့ရင် သူဘယ်လို ဟာသနှောပြီးပြောဦးမှာလဲ ကြားချင်စမ်းပါဘိ။
သူမကျင်လည်ရာဝန်းကျင်တွင် နေ့စဉ်ဘဝတွေက ချိုမြိန်သယောင်နှင့် ခါးသက်နေတာ ဘယ်သူသိနိုင်မှာလဲ။ သူမနှင့်အရင်းနီးဆုံးရဲဘော်ရဲဖက်ပမာ၊ ညီအမပမာ နေထိုင်ခဲ့ကြတဲ့ မိတ်ဆွေများအား ရင်ဖွင့်ချင်ပေမယ့် သူမအခွင့်မသာခဲ့ပါဘူး။ အရေးအကြောင်းပေါ်လာလျှင်တော့ ထိုသူတွေက သူမကို လာရောက်အားပေးလေ့ရှိကြသည်။ ဒါကိုရော သူမဘယ်လိုတံ့ပြန်ရမှာလဲ ။ ဟောဒီ လွတ်မြောက်နယ်မြေရှိသူမဘဝက ပျံစမ်း…………နင်ပျံချင်သလောက်ပျံစမ်းဆိုပြီး လွှတ်ထားပေးခြင်း ခံရပေမယ့် တောင်ပံတစုံတွင် ဒဏ်ရာရနေသည့် ငှက်ငယ်နှင့်တူနေတာ ဘယ်သူတွေ သိနိုင်ပါသလဲ လောကကြီးကို ဟစ်အော်၍ မေးလိုက်ချင်ပါသည်။ နောက်ဆုံးတော့ အသက်သုံးဆယ်မပြည့်သေးသည့် မုဆိုးမ ပူပူနွေးနွေးလို့ သမုတ်ခံရတဲ့သူသမက ကျားနာတစ်ကောက်ရဲ့နာကြဉ်းမှုကို ခွာချခဲ့ပြီး သူမဘဝ၏ လိုအပ်ချက်နှင့် စိတ်နှလုံးစေခိုင်းချက်အတိုင်း ဘ၀ကို လက်တွေ့ကျကျနှင့် ရဲရဲဝံ့ဝံ့ရင်ဆိုင်နိုင်ရန် အစွမ်းကုန်အားထုတ်ဖြစ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်ကိုချရာတွင်မည် သူတစ်ဦးတစ်ယောက်ဆီကမှ အကူအညီ တောင်းခံခဲ့ခြင်းမရှိခဲ့သလို သူမဘယ်သောအခါမှ နောင်တရနေမှာလဲမဟုတ်ပါ။ သူမ သူ.ကို လက်ထပ်ခဲ့စဉ်ကလိုပဲပေါ့။
(၅)
ဒါပေမဲ့လေ သားလေး၏နောက်ဆုံးခရီးနဲ့  သူမဘဝ၏ အပြောင်းအလဲတွေကို တွေ့ရင်ရော ဘယ်လိုနေမလဲ။ အရာအားလုံးက အပြောင်းလဲကြီး ပြောင်းလဲကုန်ပြီနော်။ ထုံးစံအတိုင်း သူမရေရလည်လည် ဂဃနဏမသိတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စစ်ရေး အခြေအနေတွေက နေ့စဉ်နဲ့အမျှ ပြောင်းလဲနေသည်။
နှစ်နှစ်တာကာလက သူမဘဝအတွက်ရော သူမအခြေချနေထိုင်ရာ နယ်စပ်ဒုက္ခသည် စခန်းမှာရော အခြေအနေတွေက တနေ့တခြားပြောင်းလဲလို့နေသည်။ ဒုက္ခသည် အသစ်တွေထပ်မံ စုပြုံပြီး ရောက်လာတာ ၊ သူမအပါအဝင် ဒုက္ခသည်အတော်များများ နိုင်ငံခြားတိုင်းပြည်များသွာရောက်အခြေချ နေထိုင်ရန် ပြင်ဆင်လုံးပန်းနေတာတွေ၊ ဆယ်စုနှစ်တခုကျော် ခွဲခွာနေခဲ့ရပြီး အခက်အခဲအကြပ်အတည်းမျိုးစုံကို ရင်ဆိုင်နေရတဲ့ အမိမြန်မာပြည်ရော၊ သူတို့အခြေစိုက်ရာ ကေအန်ယူရဲ့
တပ်မဟာ(၇)ရော အပြောင်းအလဲကြီး ပြောင်းလဲနေတာများ သူ့ကိုတွေ့မြင်စေချင်လိုက်တာ ။ နောက်ပြီး ဟာသဥာဏ်ရွင်ပေမယ့် တောင်လှန်ရေးနဲ့ ပတ်သက်လာရင် အလွန်လေးနက်တည်ကြည်စွာ ပြောပြ၊ ၇ှင်းပြတတ်တဲ့ သူ့ရဲ့ခွန်အားတွေပါတဲ့ စကားတွေကိုနားထာင်ရင်း ဘဝအားမာန်တွေထပ်မံ ဖြည့်တင်းချင်ပါရဲ။
“အာမင်”ဟူသည့်ဆုတောင်းသံက မိန်းမောတွေဝေစွာသံစဉ်များကြား လူးလားခေါက်ပြန်စီးမျောနေသည့် သူမအားဖျတ်ခနဲ လှုပ်ခတ်သွားစေခဲ့သလို အခေါင်းချမယ်မြေဖို့လိုက် ၊ဆုတောင်းလိုက် စသည့်အသံများက သူမအားတုန်လှုပ် ချောက်ချားသွားစေပြန်သည် ။
“သားရေ…တချိန်ကျရင်ကောင်းကင်ဘုံမှာပြန်ဆုံကြအောင်နော်”ဟု သူမတီးတိုးဆုတောင်းရင်း မြေတဆုပ်ကိုသားသားရဲ့မြေပုံမှာပစ်တင်လိုက်မိသည်။ သေတဲ့သူကသေသွားတော့လည်း ရှင်ကျန်ရစ်ခဲ့တဲ့ သူမနှင့်သမီးက လောကကိုအကောင်းဆုံးအလှဆင်နိုင်အောင်ကြိုးစားရဦးမှာပေါ့။ အပြန်လမ်းတွင် နှလုံးသားဗလာနှင့် လမ်းလျှောက်လာသော သူမကိုယ်ပေါ်သို့ မိုးစက်ပွင့်များက အငြိုးတကြီးနှင့် ဖျန်းပက်လိုက်ကြသည်။ သူမပါးပြင်ထက်တွင် မိုးရေများနှင့် သောကမျက်ရည်များရောထွေးကာ အရှိန်အဟုန်ပြင်းစွာစီးဆင်းလျှက်…. …..
ထနောင်း
၁၂၊၅၊၂၀၀၇
မှတ်ချက်။ ။ ပျံကျမိုးများကိုအားဖြည့်လောင်းသူ သူငယ်ချင်း ဒေါ်ကူးအတွက် ။

No comments:

Post a Comment