Sunday, March 6, 2011

ပျံကျမိုးထဲမှ မိုးစက်ပွင့်

ပျံကျမိုးထဲမှ မိုးစက်ပွင့်ဆိုတဲ့ စာစုလေးကို ကိုဘုန်းနိုင် (ကိုထက်မိုး) ကဗျာဆရာ၊ စာရေးဆရာ၊ လက်နှက်ကိုင် တော်လှန်ရေးသမားဖြစ်သူ ဆုံးပါးသွားပြီး တနှစ်အကြာမှာ ကျန်ရစ်သူ သူငယ်ချင်း ဒေါ်ကူး(မစိုး) အတွက် အမှတ်တရရေးဖြစ်ခဲ့တာပါ။ လွန်ခဲ့တဲ့ ၁၉၉၅ ၀န်းကျင်မှာ အလယ်ပိုင်းဒေသလို . ခေါ်တဲ့ ကယားပြည်နယ်မှာ ကျမတို့ တွေ စတင်ဆုံးဆည်းခဲ့ကြစဉ်က ကိုထက်မိုးက သူ့ ကိုယ်သူ ကိုဘုန်းနိုင်လို. နာမည်မှည့်ထားခဲ့တာပါ။ ဒါကြောင့် အဲဒီတုန်းက ကျမတို့ သိခဲ့တာက ကိုဘုန်းနိုင်ပဲဖြစ်ပြီး သူကွယ်လွန်ချိန်အထိ သူများတွေက ကိုထက်မိုးခေါ်ပေမဲ့ ကျမကတော့ ကိုဘုန်းနိုင်လို့ ပဲ ခေါ်ကောင်းဆဲ။ သူနဲ့ မရင်းနှီးခင် လွိုင်နန်းဖမှာ တပ်မှူးငယ် သင်တန်းတခု ကလလတမှာ လုပ်ကြတော့ ခင်မင်နေတဲ့ မကဒတ ရဲဘော်တွေက အဲဒါကိုဘုန်းနိုင်ပေါ့လို့ ပြောပြစဉ် ကတည်းက ကျမက သူ့ကိုခင်နေခဲ့တာ။ တချိန်တည်းမှာ စာရေးတယ်လို့ သိရတဲ့အတွက် တွေ့ ရင် မိတ်ဆက်ဖြစ်အောင် ဆက်မယ် စကားပြောမယ်ဆိုပြီး တေးမှတ်ထားရင်း နောက်ပိုင်းမှာ မဆုံဖြစ်ခဲ့ပေမဲ့။ ကျမတို့ တွေ ကလလတ ပန်ကန်းဗဟိုစခန်းကို ပြောင်းသွားကြတော့ မစိုးနဲ့ အိမ်ထောင်ကျပြီး စခန်းလာစဉ်မှာပဲ မိတ်ဆွေဖြစ်ခဲ့ ရင်းနှီးခဲ့ရတာပါ။ နောက်တော့ တရွေ.ရွေ.နဲ့ ကျမတို့ တွေ တော်လှန်မြေတွေ တခုပြီးတခုပြောင်းရွှေ့ နေထိုင်ခဲ့ကြတော့ ကံအားလျော်စွာ မယ်လဒုက္ခသည်စခန်းမှာ ကျမတို့မိသားစုနဲ့အတူ ကိုဘုန်းနိုင် တို့ မစိုး တို့ မိသားစုနဲ့ ပါ အကြာကြီးအတူဖြတ်သန်းခွင့် နေထိုင်ခွင့်ရခဲ့ပါတယ်။
နောက်တခုလည်းရှိသေးတယ် ကျမ အမျိုးသားက ကျမကို နောက်ပိုင်းမှာ စာတွေရေးစေချင်စိတ်ဖြစ်လာအောင်ထင်ပါတယ် ကျမအတွက် ဒီဘလော့လေးကို ဖွင့်ထားပေးပြီး ကျမရေးထားတဲ့ စာလေးတွေကို တင်ထားပေးတာပါ။ သူမရှိတော့ ကျမပဲ ကိုယ့်စာတွေကို ကိုယ်ကိုယ်တိုင်တင်ဖို . ကြိုးစားပြီး အဟောင်းလေးတွေပြန်ရှာ ပြန်တင်လုပ်နေဖြစ်ခဲ့တာပါ။ မှတ်မှတ်ရရ ကိုဘုန်းနိုင်သမီး စုကြည်မိုးကိုလည်း ဖတ်စေချင်တော့ ပြန်တင်ထားပေးမယ် ဖတ်ဖြစ်အောင် ဖတ်နော်လို့ ပြောပြီး တင်ထားပေးလိုက်တာပါ။ အချိန်ရရင် မြည်းကြည့်ပေါ့နော်။

ပျံကျမိုးထဲမှ မိုးစက်ပွင့် (ထနောင်း)

ထိုနေ့က မဲဆောက်မိုးသည် အညှိုးတကြီးနှင့် သဲသဲမဲမဲ ရွာချလို့နေသည်။ မိုးနှင့်အပြိုင် သူမရှိုက် တကြီးငိုနေမိခဲ့သည်။ အိမ်ထောင်သက်တမ်းတလျှောက် ဘယ်တုန်းကမှ သူမ သူ့ရှေ့တွင် မငိုခဲ့။ ယနေ့ကဲ့သို့ နေ့မျိုးတနေ့က သူမဘဝထဲသို့ မမေ့နိုင်စရာ အမှတ်တရများစွာကို ဆောင်ကြဉ်း ပေးခဲ့သောချစ်သူ ကွယ်လွန်ခြင်းတနှစ်ပြည့် အမှတ်တရကျင်းပပွဲလေးဖြစ်သည်။ သူ၏ တော်လှန်ရေး ရဲဘော်များ စာရေးဖေါ်ရေးဖက်များ တိုက်ဖေါ်တိုက်ဖက်များနှင့် မိတ်ဆွေရောင်းရင်းများ စုဆုံပြီး အမှတ်တရ ကဗျာများ ရွတ်ဆိုနေချိန်လည်းဖြစ်သည်။ ထိုအခါ သူမရင်ထဲတွင် လွမ်းဆွတ်ခြင်း၊ တမ်းတခြင်းများနှင့် အတူ ဂုဏ်ယူကြေကွဲခြင်းများကို ယှဉ်တွဲခံစားရသည်။ ထို့ကြောင့် သူမ မိုးနှင့် အပြိုင် ငိုကြွေးနေမိခြင်းဖြစ်သည်။
သူ့အတွက် အမှတ်တရကဗျာရွတ်ဆိုသံများ သူမနားစည်မှ သည်……နှလုံးသည်းပွတ်ဆီသို့
“တိုင်းပြည်ကို ဦးမော့အောင်လုပ်ရမလား သားကိုပဲခေါင်းထောင်အောင်လုပ်ရမလား”
“ မြေဝသုန်က ဂုဏ်မပြုလည်း လူထုဆီးကြိုနေမည်သာ”… …
“ခင်ဗျား ဗျာ”
“လုပ်လက်စ အလုပ်တွေမဆုံးခင်”… … …
စသည့် ပဲ့တင်သံများအောက်တွင်သားနှင့်သမီးအား တင်းတင်းပွေ့ဖက်ရင်းသူနှင့် ဆုံဆည်းခဲ့ရာ အတိတ်ရပ်ဝန်းဆီသို့။
“ကိုယ့်ကိုမထားခဲ့ပါနဲ့ မင်းပြန်သွားရင် ကိုယ့်ပတ်ဝန်းကျင်က ကိုယ့်ကိုလှောင်ပြောင်ကြလိမ့်မယ်၊ နောက်ပြီး ကိုယ်မင်းကို မဆုံးရှုံးချင်ဘူး”ဟူသော သူ၏ သိမ်မွေ့သည့် စကားသံများက သူမ အသည်းနှလုံးကို တဘဝစာ သိမ်းကြုံး ယူငင်နိုင်ခဲ့သည်။
သူ့ထက် ငယ်ရွယ်လွန်းသော သူမကို ဘယ်တုန်းကမျှ လေသံမာမာဖြင့် မဆက်ဆံခဲ့။ မောက်မာသော အစိုးရစစ်သားများကိုသာတွေ.ကြုံခဲ့ရသော သူမပတ်ဝန်းကျင်ရှိသူများက သူ့အား နှလုံးလှသူပုန်တယောက်အဖြစ် ကင်ပွန်းတက်ကြသည်။ အလိုက်သိသော၊ အနစ်နာခံတတ်သော ကြင်နာတတ်သော၊ ယုံကြည်ချက်ခိုင်မာသော ထိုထိုသော ဂုဏ်ပုဒ်များနှင့် သတင်းကြီးသူ…သူက သူမအနားတွင် ဘယ်သောအခါ အချိန်ကြာကြာမနေခဲ့။ သူ၏ တော်လှန်ရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်၇န်အတွက် သူမအနားမှ မကြာခဏ ထွက်ခွာသွားတတ်မြဲ။ ထိုအခါ မျိုးတွင် သူမအား သူမမိခင်နှင့် စိတ်ချစွာအပ်နှံထားခဲ့သည်။
သူမမျှော်နေသည့် အချိန်တွင် သူရောက်မလာတတ်ဘဲ မမျှော်လင့်သော အချိန်မျိုးတွင် လွယ်အိတ်တလုံးလွယ်ပြီး ဖိနပ်သံတဖျတ်ဖျတ်ဖြင့် သူမထံရောက်လာတတ်သူဖြစ်သည်။ တနေ့ သူပြန်အရောက် “င့ါမှာ ကိုယ်ဝန်ရှိနေပြီ” စကားပင်မဆုံးမီ သူမအား ဗြုန်းကနဲ ထွေးပွေ့ကာ ဝမ်းသာအားရဖြင့် “ ကျေးဇူးတင်လိုက်တာမိန်းမရာ ကိုယ်အဖေဖြစ်တော့မယ်” ဟုဆိုသော သူ၏ မျက်နှာသည် အပြာရောင်မိုးသားကောင်းကင်တွင် တိမ်ရိပ်တို့ကင်းစင်သကဲ့သို့ ကြည်မြ ရွှန်းလဲ့ နေခဲ့သည်။
နောက်တနေ့တွင် “အရေးတကြီး ကိစ္စရှိသေးတယ် သွားလိုက်အုံးမယ် ကျန်းမာရေးကိုလည်း ဂရုစိုက်နော် ကိုယ့်ရဲ. ရင်သွေးလေးကို ကောင်းကောင်းမွန်မွန် မွေးနိုင်အောင် ကြိုးစားပေးပါ” လို့ပြောရင်း သူမနဖူးပြင်ကို ဖျတ်ကနဲ နမ်းရှိုက်ပြီး နှုတ်ဆက်ထွက်ခွာသွားသော သူ့ကို ငွေးမော ကြည့်နေမိသည်။ ခင်ပွန်းဖြစ်သူ၏ ကျောပြင်ကို ကြည့်ရင်း သူ့အကြောင်းကို တွေးတောနေမိသည်။ သူမကြားနေကျစကားတခွန်းက “ကိုယ့်မှာ ညီမလေးတယောက်ရှိတယ် မင်းထက်အသက်တော့ နဲနဲပိုကြီးတယ်။ ကိုယ်ထောင်ကျနေတုန်းက ကိုယ့်ကိုထောင်ဝင်စာလာလာတွေ့တတ်တယ် ကိုယ့်ကို` လည်းသိပ်ချစ်ခင်ပြီး အလိုက်သိတတ်တဲ့ညီမလေးပေါ့”ဟု သူမကြာခဏပြောတတ်သည်။ သူ၏ မိသားစုများအကြောင်း သူမ သည်ထက်ပို၍မသိခဲ့ပေ။
သူခရီးထွက်နေချိန်များတွင်သူမမိခင်၏ တောင်ယာအလုပ်များနှင့်မွေးမြူရေးအလုပ်များကို ဝိုင်းကူရင်း သူပြန်အလာကိုစောင့်ရမြဲဖြစ်သည်။ ဗိုက်ထဲကကလေးငယ်၏ တွန်းထိုးမှုများကို ရင်ဆိုင်ရလျှင် သူမတိတ်တဆိတ် ကျေနပ်ကြည်နူးခဲ့ရသည်။ အမိုးက “ညည်းယောကျာ်းပြန်သွားတာကြာပြီနော်” တဲ့ “ဟုတ်တယ် အမိုး သူအလုပ်တွေရှုပ်နေလို့ပါ” လို့ပြန်ပြောမိသည်။ “ညည်းကဘာသိလို့လဲ” “သိတာပေါ့ အမိုးကလည်း သူတို့က ကျမတို့ နိုင်ငံငြိမ်းချမ်းရေး ရအောင်လုပ်နေတာ”ဟု သူပြောသောစကားများဖြင့် တုန့်ပြန်မိသည်။ စူတူတူ ဖြစ်နေသော ဗိုက်ကို လက်ဖြင့်စမ်းမိရင်း သူမရင်ထဲသို့ခွန်အားတွေ ချဉ်းနင်းဝင်ရောက်နေရာယူလာသည်။ င့ါရင်သွေးကို ငါပြုစုရမယ် ကျန်းမာအာင်လည်း ဂရုစိုက်ရမယ်။ ငါအားမငယ်ပါဘူး အမိုးရှိနေတာဘဲ င့ါအစ်မတွေ လည်းရှိတာဘဲ သူကတချိန်ချိန်ပြန်လာမှာပေါ့။
မျက်ဝန်းထဲတွင် သူ၏အပြုံးရိပ်ကိုမြင်ယောင်ရင်း အမိုးလက်ကို ဆုပ်ကိုင်ကာ သူမ အံကျိတ်၍ အစွမ်းကုန်အားထုတ်လိုက်တော့ “ဟယ် မွေးပြီ မွေးပြီ မိန်းကလေး” မောပန်းနွမ်း နယ်နေသည့်ကြားမှ မျက်ရည်များနှင့် သူမပြုံးမိသည်။ ရှင်းသန့်သော ညနေက လေနုအေးလေး များနှင့်အတူ ထိုသို့ သူပုန်သမီးကို ကြိုဆိုလို့နေခဲ့သည်။ အာဏာရှင်ကို တော်လှန်သူ ခင်ပွန်း သည်အတွက်မျိုးဆက်သစ်ကို မွေးဖွားပေးနိုင်ခဲ့သည်။ ဇနီးကောင်းအဖြစ်နဲ.ရော မိခင်ကောင်းတဦး အဖြစ်နဲ.ပါ သူမတာဝန်တွေ ကျေချင်ပါသည်။
နောက်နေ့တွင် သူပြန်ရောက်လာသည်။ သူမဘ၀တွင် ထိုနေ.သည်အရာရာဟာ လှပခြင်းများနှင့် အတိပြည့်စုံနေခဲ့သည်။ “သမီးလေး သမီးလေး” ဟု သူအဆက်မပြတ်ခေါ်နေသည်။ သမီးအား မထိမရက်မတို့မရက်သလို သူမအနားသို.လည်း သူတော်တော်နှင့်မကပ်ခဲ့ ။ အလွန်ကျေးဇူးတင်သော မျက်ဝန်းများနှင့် တောင်းပန်တိုးလျိုးလို့နေခဲ့သည်။ သူမကလည်း “သူပုန်မယားတယောက်အနေနဲ့ ထုသားပေသားကျတဲ့ ဘဝကို ရင်ဆိုင်အံတုနိုင်ပါတယ်” ဟု တိတ်ဆိတ်စွာ သူမတို့နှစ်ယောက် မျက်ဝန်းမှ တဆင့်နားလည်မှုတွေ ဖလှယ်ခဲ့ကြသည်။ သမီးဦး ကို မွေးပေးသော ချစ်ဇနီးအား သူပေးအပ်နိုင်ခဲ့သော လက်ဆောင်မွန်မှာ အနှီးအဖြစ်အသုံးပြုနိုင်သော ပုဆိုးဟောင်း သုံးထည်သာဖြစ်ခဲ့သည်။ ထိုလက်ဆောင်ကို သူမမြတ်နိုးတန်ဖိုးထားစွာ လက်ခံယူခဲ့သည်။ သမီးကို သူကိုယ်တိုင်နာမည်ပေးခဲ့သည်။ အနာဂတ်တွင် ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ သမီးကောင်းရတနာ ဖြစ်စိမ့်သောငှာ အဆိုပါခေါင်းဆောင်၏နာမည်ပါသော “_” သမီးလေးဟု ချစ်စနိုးနာမည်ပေးခဲ့သည်။ ထိုညက သူမကြက်သီးမွေးညှင်းဖြန်းသည် အထိကြည်နူးခံစားမိစဉ် ပြူတင်းပေါက်အနီးရှိ သစ်ကိုင်းပေါ်မှ ငိုက်မျဉ်းနေသော ငှက်တအုပ်ထံမှလည်း တောင်ပံ တဖျပ်ဖျပ်ရိုက်သံများပါ ကြားလိုက်ရသည်။
သမီးကိုသိပ်ချစ်သော သူက သူမတို့သားအမိကို သူတာဝန်ကရာနေရာလေးသို့ ခေါ်ဆောင် သွားခဲ့သည်။ သူနှင့် အတူနေထိုင်ရာ အိမ်လေးသည် သူမအတွက်တော့ ချမ်းမြေ.ဘွယ်ရာ သီရိဂေဟာလေးဖြစ်ခဲ့သည်။အနေကြာလာမှ သူ၏အလုပ်တာဝန်နှင့် သူဝါသနာထုံရာများကို သူမလေ့လာ သိရှိခွင့်ရခဲ့သည်။ မျက်မှန်ကိုင်းမဲတလက်နှင့် ရေနွေးဓါတ်ဗူးဘေးမှာထားပြီး တနေကုန် တကုပ်ကုပ်နှင့်စာရေး စာဖတ်လုပ်နေသော သူ့အား သူမအံ့သြတကြီး ကြည့်နေတတ်သည်။ သမီးကိုချစ်ပေမဲ့ မချီတတ်သော၊ သားငါး မကိုင်တတ်သော၊ ဟင်းမချက်တတ်သော၊ ထမင်းပျော့မစားတတ်သော၊ ရဲဘော်ရဲဘက်များလာလျှင် ရှိတာအကုန်ကျွေးတတ်သော အမေရိကန်က၊ နအဖက၊ အန်အယ်လ်ဒီက၊ အိန္ဒိယက ၊ အာစီယံက၊ တရုတ်က.... ဟူသော သူမနားမလည်နိုင်သည့် စကားများဖြင့်ဆွေးနွေးတတ်ပြီး ရဲဘော်များအား နွေးထွေးစွာ ဧည့်ဝတ် ကျေပွန်တတ်သော သူ.ကို ရီဝေစွာငေးကြည့်နေခဲ့ဖူးသည်။ သူကျွမ်းကျင်စွာ မလုပ်တတ်သော အလုပ်များကို အတင်းလုပ်ခိုင်းလျှင် “ချစ်ဇနီးကလည်းကွာ လိမ္မာပါတယ် မင်းလုပ်လိုက် မင်းလုပ်ရင် ခဏလေးနှင့်ပြီးမှာပါ ”ဟုချော့မော့ခိုင်းတတ်သော သူ့အား သူမစိတ်မဆိုးရက်ခဲ့။“အေး အိမ်အလုပ်နဲ့ ကလေးကိစ္စတွေအားလုံး ငါ့တာဝန်ထား” ဟု ဒေါသမပါသော အသံမာမာဖြင့် သူမ ဟန်ဆောင်တုန့်ပြန်ခဲ့ဖူးသည်။ တခုသောရာသီတွင် သူသိပ်ချစ်သည့်သူ့ညီမလေး ရောက်လာခဲ့သည်။ မောင်နှမနှစ်ယောက် စကားများပြောမကုန်ဖြစ်နေသည်ကိုကြည့်ရင်း သူမကြည်နူးခဲ့ရသည်။ သူ၏ အပျော်မျက်နှာကို သူမမနေ့နိုင်ခဲ့။
ထိုနေရာလေးမှတဆင့် သူတို့မိသားစု(သူမနားမလည်နိုင်သော) နိုင်ငံရေး စစ်ရေးအခြေအနေ များကြောင့် နယ်စပ်စခန်းကို ပြောင်းရွှေ့ခဲ့ရသည်။ ဖခင်ကို သိပ်ခင်တွယ်လွန်းသောသမီးနှင့် သမီးအားသိပ်ချစ်သော ဖခင်အကြား သံယောဇဉ်တွေကိုနားလည်စွာဖြင့် မိခင်နှင့် ဆွေမျိုးကို နှုတ်မဆက်ပဲ သူခေါ်ဆောင်ရာကို သူမလိုက်ပါခဲ့သည်။ တောင်တန်းများ၊ သစ်ပင်ကြီးငယ်များ ဝိုင်းရံထားသော စိမ်းညို့ညို့စခန်းလေးသည် သူမအတွက် ကမ္ဘာသစ် ထပ်မံဖြစ်ခဲ့ရပြန်သည်။ ထိုအချိန်တွင်သူ၏အလုပ်မှာ အစည်းအဝေးတက်၊ မိုးလင်းမှ မိုးချုပ်သတင်းနားထောင် ၊ စာဖတ်၊ စာရေးဖြစ်သည်။ သူမမှာ အိမ်အလုပ်များနှင့်တောင်ယာငရုပ်ခင်း၊ စားစရာသီးနှံပင်များကို ဒိုင်ခံတာဝန်ယူလုပ်ရသည့်အခါ တခါတရံပင်ပန်းလွန်း၍ ကူညီမပေးတတ်သော သူ.ကို ခပ်ချဉ်ချဉ်ဖြင့် မျက်စောင်းထိုးလျှင် “ချစ်ဇနီးကလဲကွာ ကို့ကို အဲ့ဒီလို ဂုဏ်မပြုပါနဲ့” ဟု ကျီစယ်တတ်သည်။ မောပန်းလွန်း၍ ထွက်ချင်နေသော ဒေါသများက သူ့ဟာသများကြားတွင် ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်တတ်သည်။ မာရေကျောရေနိုင်လှသော သူမအား သူကထိုသို့ ချစ်စနိုးဖြင့် ကျီစယ်ကာ သူမစိတ်ကို နူးညံ့စေတတ်ပြန်သည်။ ဟာသဥာဏ်ရွှင်သောသူက သူမဘဝထဲ သို့ အဘယ်သို့သော ဝမ်းနည်းမှုမျိုးကိုမှ သယ်ဆောင်မပေးခဲ့။ သူ၏နိင်ငံရေးလုပ်ဖေါ်ကိုင်ဖက်များလာလျှင် “ဒါကျနော့်ဇနီး” ဟု အမြဲဂုဏ်ယူ မိတ်ဆက်ပေးလေ့ရှိသည်။ ထိုအခါမျိုးတွင်သူမ ရှက်ဝဲဝဲဖြစ်တတ်စမြဲ။
တောင်ယာစိုက်ခင်းလေးနှင့်မိသားစု နေသားကျနေသော ဘဝမှ တဖန်သူပုန်တို.၏ ထုံးအတိုင်း နေရာသစ်ဖြစ်ရာ ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းသို့ ထပ်မံရွှေ့ရပြန်သည်။ ထိုစခန်းတွင် ငှက်ပျောပင်များပါသော ခြံဝန်းသေးသေးလေးကို သူမတို့မိသားစု ပိုင်ဆိုင်ခွင့်ရခဲ့သည်။ ငှင်ပျောပင်မတူးတတ်သော သားခွဲမစိုက်တတ်သော သူ၏အရည်အချင်းများကို သူမသိရှိရပြန်သည် ။
သူမအားကူညီလုပ်ကိုင်ပေးချင်သော်လည်း ပေါက်တူးကိုင်ပြီး ငိုင်နေတတ်သော သူ့ထံမှ ပေါက်တူးကို သူမကပင် လွှဲပြောင်းယူရစမြဲ။ အဆိုပါကဗျာဆရာ လက်နက်ကိုင်ရဲဘော်၏ နူးညံ့နွေးထွေးသော လက်အစုံကို သူမရင်ခုန်စွာဆုပ်ကိုင်ခဲ့သည့်အကြိမ်များ မရေတွက်နိုင်ခဲ့။ သူသည် သူမတို့ သားအမိအား တိတ်ဆိတ်သောအိမ်လေး၌မကြာခဏ ခွဲခွါထားရစ်ခဲ့သည်။ သူမရှိသော အချိန်များတွင် သမီးလေး၏ “ပါပါး” ဟုယောင်ရမ်းခေါ်သံကြားလျှင် သူမတိတ်တဆိတ်မျက်ရည်ကျရသည်။“အမေ တို့သားအမိလို မိသားစုတွေ မြန်မာပြည်အနှံ့အပြားမှာ ရှိနေတယ်သမီးရဲ့ အချိန်တန်တော့လည်း သမီးပါပါးပြန်လာမှာပေါ့”ဟုတီးတိုးရွတ်ဆိုနေခဲ့ဖူးသည်။
သမီး အသက် ငါးနှစ်ကျော်လောက်တွင် သူမတို့မိသားစုအတွင်းသို. ထပ်မံဝင်ရောက်လာသူမှာ သားငယ်လေးဖြစ်သည်။ မိသားစုအားလုံး၏ ပီတိမျက်နှာများသည် မည်သည့်အရာများနှင့် နှိုင်းယှဉ်ဖော်ပြလို. ရမည်မဟုတ်ချေ။ သားလေးအား နာမည်ပေးခဲ့သူမှာလည်း သူသာဖြစ်သည်။ သူ့နာမည်နှင် သားလေးအဖိုး၏နာမည်ပါအောင်မှည့်ခဲ့သည်။ သူမကတော့ သူ၏ပီတိအပြုံး များကိုကြည့်ရင်း အားရှိနေရသူသာ။ သားမွေးပြီးနောက်ပိုင်း သူ၏ခံစားချက်များကို စာများ အဖြစ်သို့ပြောင်းလဲလိုက်ခြင်းမှာ “ကျောင်းသားက သူပုန်ဖြစ် သူပုန်က ဖခင်ဖြစ်ခဲ့ရတဲ့ တိုက်ပွဲ တပွဲပါသား” ဟုဆောင်းပါးတပုဒ်အားပါးတရ သူရေးဖြစ်ခဲ့သည်။ သူမမှာတော့ ပီတိအပြုံးများဖြင့် သူ့ဆောင်းပါးကို ဖတ်ဖြစ်ခဲ့သူသာ….။
သားလေးသည် ၃လသားအရွယ်တွင် ကျန်းမာရေးစတင်ချို့တဲ့လာခဲ့သည်။ ဆေးစစ်ချက်အရ ထွက်လာသောအဖြေက သူမတို့မိသား မိသားစုကမ္ဘာကို ဇောက်ထိုးမိုးမျှော်ဖြစ်စေခဲ့သည်။ ထိုအချိန်မှစ၍ သားလေးနေမကောင်းဖြစ်ချိန် ညတာရှည်များကို သူမတစ်ယောက်တည်း အထီး ကျန်စွာ ရင်ဆိုင်ခဲ့ရသည်။ ထို့ပြင် ကျန်းမာရေးမကောင်းသော နာတာရှည်သားလေးကတဖက် ကျောင်းတက်နေသော သမီးလေးကတဖက်နှင့် မိသားစုအတွက် ဝင်ငွေရရှိရန် သူမဝက်မွေးမြူရေးကို တနိုင်တပိုင်လုပ်ကိုင်ခဲ့သည်။ သားနှင့်သမီးအတွက် သူမသည်သာ ဆရာဝန် သူမသည်သာ ကျောင်းဆ၇ာ သူမသည်သာမိခင်ဖြစ်ခဲ့ရသည်။ သူကမိသားစုအပြင် သူချစ်သော မြန်မာ ပြည်ူလူထုအတွက် တိုက်ပွဲများ တခုပြီးတခုရင်ဆိုင်တိုက်နေချိန် သူမသည် လည်း နောက်တန်းရှိ သူမမိသားစုအတွက် ဘ၀ဆိုသည့်တိုက်ပွဲအား မီးကုန်ယမ်းကုန်း ရင်ဆိုင်တိုက်ခိုက်နေရချိန်ဖြစ်သည် ။ထိုဘဝတိုက်ပွဲအား သူမသတ်တိရှိရှိဖြင့် ဆက်လက်ရင်ဆိုင်ခဲ့သည်။
သူမချစ်သောသူကတော့ပြန်ရောက်လာလျှင် “အားတင်းထားပါ မိန်းမရာ သားလေးကို ကျန်းမာလာအောင် ကိုယ်တို့ကြိုးစားရမှာပေါ့ ဘဝဆိုတာဒီလိုပါပဲ။တခါတရံ ကိုယ်ဖြစ် ချင်တာတွေ ဖြစ်မလာတတ်သလို ကိုယ်မဖြစ်တာတွေလည်းဖြစ်လာတတ်တယ်” ဟုနှစ်သိမ့်တတ်သည်။ သူမရင်ထဲတွင် အတ္တကြီးသောမိန်းမဟုအပြစ်တင်လျှင် ကျေနပ်စွာခံယူလိုက်မည်။ သားလေးကျန်းမာရေး ကောင်းလာရန်အတွက် သူတသက်လုံးယုံကြည်ရာတွေကို လှေကားထစ်ပမာ အသုံးပြုရန် (တတိယနိုင်ငံသို့ထွက်သွားရန်) တိုက်တွန်းခဲ့ဖူးသည် ။ထိုကာလမှစ၍ သူမတို့နှစ်ဦးစား အတ္တလွန်ဆွဲပွဲတွေ ကျင်းပရပါတော့သည်။ လမိုက်ညများစွာ အခန်းကျဉ်းလေးထဲတွင် ကျောချင်းကပ်အိပ်လျှက် သက်ပြင်းမောကိုပြိုင်တူချရင်း သူမတို့နှစ်ယောက် မိုင်ပေါင်းမျာစွာ ဝေးကွာခဲ့ဖူးသည်။
နောက်ဆုံးတော့ တိုက်ပွဲဝင်ကျွမ်းကျင်လှသော သူ့ကို သူမက အနိုင်ပေးလိုက်ရသည်။ သားလေးအား ထိုင်းနိုင်ငံတွင်ပင် ဆေးကုရန် သူ၏မပြီးဆုံးသေးသော တော်လှန်ရေးကို ဆက်လုပ်ရန်.. သားအတွက် မိခင်၏သောကနှင့် အတ္တများကို သူမဖာသာကျိတ်မှိတ် ဝါးမျိုချခဲ့ရသည်။ မိန်းမတယောက်ရဲ့ အားမာန်တွေကိုအစွမ်းကုန်လှစ်ပြရင်း သူမသည် သူချစ်သော တော်လှန်ေ၇း ခရီးတွင် အုပ်တချပ်သဲတပွင့်အဖြစ် ပါဝင်နိုင်ဖို့ ကြိုးစားခဲ့သည်။ ထိုသို့ တော်လှန်မြေတွင် သူမတို့နှစ်ဦး တာဝန်ကိုယ်စီနှင့် ရုန်းကန်လှုပ်ရှားနေကြရာမှ… …။
တနေ့သူမထံသို့…..
“အမြန်လာခဲ့ပါ သူ့ကို ဆေးရုံတင်ထားရတယ်” ဟူသောအကြောင်းကြားစာရောက်လာသည်။ ထိုစဉ်က နောက်ဆုံးအကြိမ်အဖြစ် သူရှိရာကိုလိုက်ခြင်းဖြစ်သည်ဟု သူမမသိခဲ့ပေ။ သားလေးအားတင်းကြပ်စွာထွေးပွေ့ရင်း လေထဲတွင် လမ်းလျှောက်နေသူပမာ သူရှိရာသို့ရောက်သွားခဲ့သည်။ ဆေးရုံပေါ်တွင်ပိုက်တွေ နှင့် ရှုတ်ယှက်ခတ်နေသည့်ကြားမှ သူမချစ်သူ သူပုန်ကဗျာ ဆရာ၏ နူးညံ့သိမ်မွေ့သောလက်များကို နောက်ဆုံးအကြိမ်ဖြင့် အချိန်ကြာမြင့်စွာ ဆုပ်ကိုင်ထားရင်း သူမတိတ်တဆိတ်မျက်ရည်ကျနေခဲ့သည်။ “ကိုပြန်လာခဲ့မယ်နော်” ဟုအကြိမ်ကြိမ်ပြောခဲ့သော သူက သူမတို့သားအမိတတွေကို နှုတ်မဆက်ပဲ ထွက်သွားတော့မှာလား။ သူမနှုတ်မှလည်း “ရှင်ရဲ့ ခွန်အားတွေ သတ္တိတွေ ယုံကြည်မှုတွေကို ကျေးဇူးပြုပြီး ကျမဆီလွှဲပြောင်းပေးခဲ့ပါ”သို့သော် သူကတော့ သူမကို ထားရစ်ခဲ့တော့သည် ။ ထိုနေ့ ဇွန်လ ဆယ့်ခြောက်ရက် သူမဘဝသည် အိုးထိမ်းစက်ပမာ သွက်သွက်လည်ခဲ့ရသည့်နေ့ပင်ဖြစ်သည်။ “ကြီးမြတ်သူရဲ့ ဈာပနမှာအလွမ်းတွေချွေနေတဲ့ ဒေါ်ကူးရေ ခေတ်ကြီးကိုယ်၌ကလည်း သူ့ကိုရှုံးခဲ့ရပါတယ်ဗျာ ကြည့်ပါလား၊ မိုးတွေရွာနေတာပဲ၊ အဲဒါခေတ်ကြီးကသူအတွက် ငိုနေတာပေါ့” တဲ့….။
ထိုကဗျာရွတ်ဆိုသံက သူမအား ပစ္စုပန်သို့ ပြန်လည်ဆွဲခေါ်လာခဲ့သည်။ မပြီးဆုံးသေးသော ချစ်သူ၏ ယုံကြည်မှုများအတွက် တာဝန်များကို လက်ဆင့်ကမ်းထမ်းဆောင်နိုင်ရန် သူချစ်သော သားသမီးများနှင့် အတူဟောဒီကမ္ဘာကြီးမှာ သူမဆက်လက်ရှင်သန်နေရအုံးမှာပါ။
(ရဲရင့်တည်ကြည်သော သူပုန်မယားဖြစ်သူ သူငယ်ချင်း ဒေါ်ကူးအတွက် အမှတ်တရ)၃၁၊ဇူလိုင်၊၂၀၀၆

No comments:

Post a Comment