Thursday, March 10, 2011

အမျိုးသမီးများနေ. ဆုတောင်း

ယခုနှစ် မတ်လ ရှစ်ရက်နေ့ (၃၂) ကြိမ်မြောက် နိုင်ငံတကာ အမျိုးသမီးများ နေ့ အထိမ်းအမှတ် လှုပ်ရှားမှုများကို သတင်းများမှ ကြားနေရသည်။ ထိုင်းနိုင်ငံ၊ချင်းမိုင်မြိုတွင် အမျိုးသမီးများအဖွဲ့ ချုပ် (မြန်မာနိုင်ငံ) အပါအဝင် ထိုင်းအမျိုးသမီးအဖွဲ.များ၊နိုင်ငံတကာ အမျိုးသမီင်္းများအဖွဲ့အစည်းများ၊ လူမျိုးပေါင်းစုံ တသီးပုဂ္ဂလ အမျိုးသားအမျိုးသမီးများပူးပေါင်းကာ စုစုပေါင်း (၃၀၀)ကျော် ချီတက်စီတန်း လှည့်လည်ရင်း ( We got the right to move & here we go) “သွားလာခွင့် တွေရပြီလာစို့သွားစို့” ဆိုသည့် အင်္ဂလိပ်၊ မြန်မာ၊ ထိုင်းဘာသာစကားတို့ဖြင့် ကြွေးကြော်သံများကိုလည်း တက်ကြွအားရဖွယ်ရာ ကြားလိုက်ရသည်။ အမျိုးသမီးများအား ခွဲခြား ဖိနှိပ်ထားသည့်အခြေအနေများနှင့် သက်ဆိုင်သည့်စာတမ်းများ ၊ ပိုစတာတွေ များကို ကိုင်ဆောင်ထားပြီး ချီတက်ပွဲပြုလုပ်ကြသည်ဟု ကြားသိရသဖြင့် စိတ်ကူးဖြင့် မှန်းဆ မြင်ယောင်ကြည့်ရင်း ပျော်ရွင်အားတက်မိသည်။ ကမ္ဘာပေါ်ရှိ အမျိုးသမီးထု ကိုယ်စား အားမာန်ပါသော ကြွေးကြော်သံများကို ထိုညနေရေဒီယိုမှ တဆင့်ကြားရတော့ ကျမရင်ထဲတွင် ကျေနပ်ပီတိဖြစ်မှုနှင့် အတူ စိတ်မကောင်းခြင်းများလည်း တပြိုင်တည်းတွင်ဖြစ်ပေါ်လာမိသည်။
အားရကျေနပ်မှုဖြစ်ရခြင်းမှာ ထိုနေ့ချင်းမိုင်ရှိ အမျိုးသမီးများ၏ လှုပ်ရှားမှုအသံများကို ကြားရ၍ဖြစ်ပြီး စိတ်မကောင်းဖြစ်ရခြင်းမှာ ထိုနေ့လည်ခင်းတွင် ကျမတွေ့ဆုံခဲ့ရသော မဲဆောက်မြို့ စက်ရုံတခုမှ အလုပ်သမားအမျိုးသမီးများ၏ အခြေအနေများ မျက်စိထဲတွင် ဖြိုးခနဲဖြတ်ခနဲ ရုပ်ရှင်ပြကွက်များပြသကဲ့သို.ပေါ်လာပြီး သူတို့လေးတွေ၏ ဝမ်းနည်းဖွယ်ရာ စကားသံများကိုလည်း ပြန်လည်ကြားယောင်မိသောကြောင့် ဖြစ်သည်။
နေ့လည်ပိုင်းက အပြင်လူဝင်ခွင့်မရသည့် အလုပ်သမားများ နေထိုင်သော အဆောက်အဦးထဲကို မမျှော်လင့်ပဲ လူတဦးအကူအညီနှင့် ကျမဝင်ခွင့်ရလိုက်သည်။ ဂိုဒေါင်ကြီးတလုံးလိုလုံးတီးကြီးဖြစ်နေပြီး ဟောင်းနွမ်းဆွေးမြေ့နေတဲ့ အဆောက်အဦးကြီးက အလုပ်သမားတွေအတွက်တော့ နတ်ဘုံနတ်နန်းကြီးတခုပါပဲ။ ဇာတ်ရုံကြီးတရုံနဲ့ လည်း တူနေပါရဲ့။ တကယ့်ကို ဇာတ်ရုံနောက်က ဇာတ်သမားတွေ ပြင်ဆင်တဲ့ အခန်းလိုပဲ ကျမတော်တော် စိတ်မကောင်းဖြစ်သွားမိသည်။ ဇာတ်သမားတွေရှေ့ထွက် အခန်းတွေကိုမှီဖို့အတွက် ဒီတထည်ချွတ် နောက်တထည်ဝတ် အပြန်အလှန် အသစ်ဝတ်လိုက် ဝတ်ထားတဲ့အဟောင်းကို နီးရာ ချွတ်တင်ထားသလို သူတို့နေတဲ့ အဆောက်အဦးကြီးအတွင်းမှာ အဝတ်များ တိုးလို့တွဲလောင်းဖြင့် ရှုပ်ပွနေတာကိုလည်းတွေ့ခဲ့ရသည် ကျမတို့တွေ့ချင်တဲ့ အမျိုးသမီးလေးရဲ့ နာမည်ကိုခေါ်ရင်း ဝင်သွားဖြစ်သည်။ သူရေချိုးနေသဖြင့် တော်တော်နဲ့မတွေ့ရပေ။ ကျမတို့ သူ့ကိုစောင့်ရင်း ဟိုကြည့်ဒီကြည့်နှင့် စက်ရုံအတွင်းပိုင်းကို စူးစမ်းခွင့်ရခဲ့သည်။ ဆန်အိတ်ခွံများ ကပ်ထူစက်ကူပုံးခွံများဖြင့် ကာရံထားသည့် အခန်းလေးတွေထဲမှ အရွယ်စုံအမျိုးသမီးများ အရှိုရှိုထွက်လာကြသည်။ မျက်နှာစိမ်းကျမကို သူတို့ကွက်ကြည့် ကွက်ကြည့်နှင့် စူးစမ်းနေကြသဖြင့် ကျမလည်းသူတို့ကိုပြုံးပြရင်း “ဒီညအိုတီင်္ရှိလားဟင်”ဟု နှုတ်ဆက်ဖြစ်လိုက်သည်။ “ရှိတယ်အစ်မ၊ ခြောက်နာရီဆိုရင်ကျမတို့ပြန်သွားရမှာ အစ်မဘယ်သူ့ကိုလာတွေ့တာလဲ”ဟု ခပ်သွက်သွက် ကောင်မလေးတစ်ယောက်က တုန့်ပြန်ရင်းပြန်မေးသည်။ ကျမအား ဖော်ဖော်ရွေရွမေးလာသော ကောင်မလေးကိုကြည့်တော့ အသက်ဆယ်ခြောက်နှစ်ပင် ပြည့်မည်မထင်။ လာရင်းကိစ္စကို ပြန်ပြောရင်းဖြင့် မျက်စိရှေ့ရှိ အထပ်ခိုးကဲ့သို့ အကာအရံမရှိသည့် အပေါ်ထပ်ကိုမော့ကြည့်ဖြစ်တော့ ယောကျာ်းလေးအဝတ်စားများ ပြီးစလွယ် ပစ်တင်ထားကြတာတွေ့ရသည်။ ကျမကြည့်နေရာကို လိုက်ကြည့်သောကောင်မလေးက “အဲဒါယောကျာ်းလေးတွေနေတာလေအစ်မရဲ့ အဲ့ဒီအောက်မှာက အိမ်ထောင်သည်တွေ ဒီဖက်မှာ ကအပျိုတွေအတွက် သုံးခန်းရှိတယ်” “ဒါဆို ဟိုရှေ့နားက အဝင်ဝမှာ ခြင်းခတ်နေကြတဲ့ ယောကျာ်းလေးတွေ အားလုံးက အပေါ်မှာနေကြတာပေါ့ ”“ ဟုတ်တယ်အမ မောင်မင်းကြီးသားတွေက မိန်းမတွေထက် ဘုန်းမြင်တော့ အပေါ်ထပ်မှာနေရတာပေါ့” ကောင်မလေက ခနဲ့တဲ့တဲ့နှင့်ပြောပြနေသည်။
“အစ်မ ကြည့်ချင်ရင် မိန်းကလေးတွေနေတဲ့ အခန်းတွေနဲ့ တခြားနေရာတွေကို လိုက်ကြည့်လို့ရတယ်” ဟုပြောသည်။ ကျမလည်း သူ.စကားအဆုံးတွင် “ဟင် ဟုတ်လား အစ်မလည်းဒီကိုတခါမှ မရောက်ဘူးလို့ လိုက်ကြည့်ချင်တယ်”ဟု အားရဝမ်းသာဖြင့်ပြန်ဖြေ မိသည်။ ကောင်မလေး တစ်ယောက်ကဦးဆောင်ပြီး ကျမကိုခေါ်သွားသည်။ သူတို့နေထိုင်စရာ အခင်းအကျင်းများက ဘယ်လိုမှ စိတ်သက်တောင့်သက်သာဖြစ်ဖွယ်ရာမတွေ့ရပေ။ ဘိလပ်မြေ ခင်းထားသောကြမ်းပြင်တွင် ဖျာလေးများကိုခင်းထားသည်။ ဖျာတချပ်စာကို သုံးလေးယောက် နေရသည်ဟုဆိုသည်။ တရွာတပုဒ်ဆန်းဆိုသလို အလုပ်ရှင်များ၏ အလုပ်သမားများအပေါ် တွင်ထားသော ဖြစ်ကတတ်ဆန်းစေတနာများအကြောင်းကို ဒီနယ်စပ်မြို့တွင် သုံးနှစ်နီးပါး နေထိုင်လာသောကျမ ကောင်းကောင်းကြားဖူးပေမဲ့ ဒီလိုနဖူးတွေ့ဒူးတွေ့တော့ တခါမှမတွေ့ဘူးခဲ့။
အမျိုးသမီးတွေနေသောအခန်းလေးများသည် လူတရပ်ကျော်လောက်သာ မြင့်ပြီး ဆန်အိတ်ခွံများကို လက်ချုပ်အပ်နှင့်ဆက်ချုပ်ပြီး ကာရံထားခြင်းဖြစ်သည်။ ဒီလောက်ဖြစ်သလိုကာရံထားသည့် ဒီအခန်းကျဉ်းလေးထဲမှာ သူတို့တွေဘယ်လိုများအ၀တ်လဲပါလိမ့်ဟု စဉ်းစားလိုက်မိသည်။ တဆက်တည်း အဝင်ဝတွင်လာစဉ်က ပြောင်စပ်စပ်မျက်နှာပေးများနှင့်ဆက်ဆံသော အမျိုးသား များကို မြင်ယောင်ရင်း ကျမသက်ပြင်းချမိသည်။
“ညီမေ၇ ရေချိုးရင် ဘယ်မှာချိုးရသလဲ” “ဟိုမှာတွေ့လား အစ်မ ဒီဘက်ကကြည့်ရင်မြင်ရတယ်” ကျမလည်း သူပြသောနေရာဖက်သို့ နဲနဲတိုးရွေ့ကြည့်လိုက်တော့ လေးထောင့်အုတ်ကန်ကြီး တကန်ကိုတွေ့ရသည်။ အခုမှပင် ကျမလာစောင့်သော ကျမမိတ်ဆွေကောင်မလေးကိုတွေ့ရသည်။ အုတ်ကန်တဖက်တွင် သီချင်းအော်ဆိုရင်း ဝုန်းဒိုင်းကြဲကာ ရေချိုးနေကြသောကောင်လေးတသိုက်ကြားတွင် အနေကြပ်စွာဖြင့် ရေချိုးနေသော ကောင်မလေးက ကျမကိုတွေ့တော့ ရှက်ရွံ့စွာပြုံးပြသည်။ အရေးမကြီးဘူးဟူသော အမူအရာဖြင့် သူမအား အသာလက်ပြဖြစ်သည်။
စကားပြောလက်စကောင်မလေးတွေကလည်း ကျမအနားကမခွါပေ။ “ဟယ်ညည်းတို့ အလုပ်ပြန်ဆင်းရမယ်မဟုတ်လား ဟိုတယောက်ကလည်း ခုထိေ၇ချိုးနေတုန်းပဲရှိသေးတယ် ဘယ်လိုလဲ” ဟု မေးလိုက်တော့ “မဟုတ်ဘူးအစ်မ ကျမတို့က သိုးမွေးထိုင်စက်ဆိုတော့ သူတို့တွေဆွဲထားတဲ့ အထည်တွေကို စောင့်နေရတယ်လေ။ အခုရက်ပိုင်းခြည်ပြတ်တော့ အလုပ်မကောင်းဘူး။ ကျမတို့ထိုင်စက်သမားတွေ အေးအေးဆေးဆေးပေါ့။ အဟားငွေထုတ်တော့လည်း အေးအေးဆေးဆေးပဲလေ နဲနဲပဲရတယ်” ဟု ရယ်ရင်းပြောသည်။ ဘဝအမောတွေကို ရယ်မောပြီး ပြောနိုင်အောင်သူတို့ဒုက္ခတွေကို ကျော်လွှားလာ၇တာ ဘယ်လောက်တောင် နေသားကျနေပြီလဲဆိုတာ ခန့်မှန်းလို့ရသည်။ “ေ၇တခွက်လောက်တိုက်ပါလား အစ်မေ၇ဆာလိုက်တာ” ဆိုတော့ “အားနာတယ်အစ်မ ပိုက်ကလာတဲ့ရေကိုပဲ သူဌေးက ပေးသောက်တယ်”။ “ဟုတ်လား ရပါတယ် အစ်မလည်း ဒါဘဲသောက်မယ်လေ” ဟုပြန်ပြော လိုက်မိပေမဲ့ ကျမအသံက အားသိပ်မရှိလှပေ။ အလုပ်တွေကို ပင်ပင်ပန်းပန်း မနားတမ်းလုပ်ရပေမဲ့ ရေတောင်ကောင်းကောင်းမသောက်ရဘူးဆိုတဲ့အသိက ကျမအသံများကိုအားအင်ချိနဲ့သွားစေတာ အမှန်ပင်ဖြစ်သည်။ ကောင်မလေးတယောက်ပေးသောရေကို သောက်နေစဉ်ပင် ကျမမိတ်ဆွေ ပုံပုံရောက်လာသည်။ “လာလေအမ”ဟုပြောရင်း သူမနေထိုင်ရာ အခန်းလေးကို ရောက်သွားတော့ စိတ်မသက်မသာပိုဖြစ်သွာသည်။ ပလပ်စတစ်များဖြင့် ကာရံထားသောသူမတို့အခန်းသည် အမျိုးသမီးအသုံးဆောင်များ စားစရာ အိုးခွက်၊ ပန်းကန်များဖြင့် ဖျာတချပ်စာ နေရာသည် ခြေချစရာပင်မရှိပေ။“ပုံပုံ ဒီမှာဘယ်နှစ်ယောက်နေလဲ” “သုံးယောက်နေတယ်အမ” “ဟယ် နင်တို့ သူဌေးကလည်း တော်တော်ဆိုးတာပဲ ဒီလောက်စုပြီးကြပ် ပိတ်သိပ်အောင်ထားတယ်” သူတို့သုံးယောက်နေသည်ဆိုသော အခန်းတွင်ထပ်များ အိပ်နေရော့လားမသိ ထိုအထဲတွင်ထမီများ ကိုလေးခေါက်ချိုးခေါက်ပြီး လှန်းထားသည်ကပါသေးသည်။ “ထမီလှမ်းစရာနေရာရော မရှိဘူးလား” “ဟင့်အင်း အစ်မ ဒီလိုပဖြစ်သလိုလှမ်းနေရတယ်၊ နေရာမရှိဘူး” ဟုပြန်ပြောသည်။“ဟိုဘက် မှာရော ဘယ်နှစ်ယောက်နေလဲ” “ဟိုဘက်အခန်းတွေကကျယ်တော့ တခန်းကို လူနှစ်ဆယ်လောက် ဆန့်တယ်လေ။ အဲဒီအခန်းမှာ အစ်မနဲ့သိတဲ့ မငယ်ရှိတယ်လေ သွားကြည့်မလား” “ အေးအေး ခဏနေမှသွားရအောင်၊ ညည်းအက်ျီလဲလိုက်ပါအုံး” ဟုပြောရင်း အခန်းကာထားတဲ့ ပလပ်စတစ်ဖက်ကိုကြည့်မိတော့ ယောကျာ်းတယောက်ဖြတ် လျှောက်သွားရင်း ပြူးတူးပြဲတဲ ကြည့်သွားတာကိုတွေ့လိုက်ရသည်။ အမလေး ဘယ်လိုဟာတွေဘာလိမ့် လို့တွေးမိလိုက်သည်။ “ပြီးပြီ အစ်မသွားရအောင်”ဟု ခေါ်သည်။ “မငယ်ကရှိလို့လား သူအလုပ်သွားရင် သွားနေမှာပေါ့” “အတူတူပဲအစ်မရဲ့ သူလည်းအလုပ်နားနေတယ် အိုတီမရှိဘူး” ဟုပြောသည်။ ကျမတို့မငယ်ရှိရာ အခန်းလေးအရောက် လိုက်ကာလေးကိုလှန်ပြီး ဝင်လိုက်တော့ သနပ်ခါးလိမ်းနေသော မငယ်အနားတွင် လက်ဖက်သုတ်နှင့်ညစာကို ကပျာကယာစားနေသော ကောင်မလေးက အစ်မထမင်းဝင်စားပါလားဟု နှုတ်ဆက်ရင်းပြောသည်။ မငယ်က ကျမကို နုတ်ဆက်သည့် ကောင်မလေးအား “ညည်းသိလားဒီအစ်မကို ” “သိတာပေါ့ ဟိုတခါ စကားဝိုင်းတခုမှာ အစ်မပါတယ်လေ” ဟုပြောမှ မမှတ်မိတာကို အားနာသွားရသည်။ “အော်ဟုတ်လား အစ်မကလူ တွေများနေတော့လေ သိပ်မမှတ်မိဘူး” “ရပါတယ်အစ်မက မမှတ်မိပေမဲ့ ကျမကအစ်မကို မှတ်မိတာပဲ ပြန်တွေ့ရတာဝမ်းသာတယ် ဒါပေမဲ့ အားနာတယ်အစ်မရယ် ဘာမှလည်းစားစရာမရှိဘူး ခဏနေ ညီမအလုပ်ဆင်းရတော့မယ် နောက်တောင်ကျနေပြီ ရေချိုးကန်မှာနေရာမရှိလို့ စောင့်နေတာနဲ့ ကြာသွားတာ အဲဒါ လိုင်းဆရာတွေက နောက်ကျတာသိရင်ဆူအုံးမယ်” “ဒါဆိုမြန်မြန်လုပ်လေညီမရဲ့ အဆူမခံရအောင်သွားပါ” “ဒါပေမဲ့ အစ်မရေ သူဌေးစိတ်ကြိုက် လိုက်လုပ်ပြီး အလုပ်သများတွေကို တချိန်လုံးအပြစ်မရှိ အပြစ်ရှာနေတဲ့ ဒီလူတွေနဲ့တော့ ရိုးနေပါပြီ အစ်မရယ် ကျမတို့က ပေဖြစ်နေတဲ့ ဘကိုးအမရဲ့ တူဖြစ်ရင်တော့လား” ဟုအံကြိတ်ပြောပြီး အလုပ်ရုံရှိရာဘက်သို့ ကသောကမျော ပြေးထွက်သွားသည့် သူမကျောပြင်ကို ကြည့်ရင်း ကျမရင်ထဲတါင် တင်းကျပ်သွား သည်။ ကျမတို့စကားပြောနေစဉ် ယောကျာည်းတွေနေသည်ဆိုသော လူတရပ်သာသာမြင့်သည့်အထပ်ခိုးမှ ဇော်ဝင်းထွတ် သီချင်းသံ ကျယ်ကျယ်ကြားရတော့ “ဘယ်လိုလဲမငယ် ဆူညံနေတာပဲပါလား” “ဟုတ်တယ်အစ်မရေ သူတို့လည်း ကျမတို့လိုပဲ အလုပ်မဆင်း၇တဲ့ သူတွေပဲပေါ့ စိတ်ညစ်တာတော့မပြောနဲ့ ပတ်ဝန်းကျင်ကို အားနာရကောင်းမှန်းလည်း မသိ ၊ လူပျိုတွေက ညညဆို ရင်လည်းမူးပြီး ရန်ဖြစ်ကြ ၊ အော်ဆဲကြ ၊ အိမ်ထောင်သည်တွေက မူးရင်မိန်းမတွေကို ရိုက်ကြနှက်ကြနဲ့။ ကျမတို့ နားအေးပါးအေးအိပ်ရတယ်ကိုမရှိဘူး တခါတလေ သူတို့ ရန်ဖြစ်သံကြားတော့ လူကအိပ်မောကျနေရာကလန့်နိုးတာပြန်အိပ်လို့ မရတော့ဘူး သူတို့ရှေ့ ဖြတ်သွားရင်လည်း ဟိုပြောသည်ပြောနဲ့ လမ်းတောင်ဘယ်လိုလျှောက်ရမှန်းမသိဘူး ဒီကကောင်တွေ အများစုက စိတ်ဓာတ်သိပ်အောက်တန်းကျတယ်အစ်မရဲ့ ဒီလိုမနေချင်ပေမဲ့လည်း ကျမတို့ဘာမှ မတတ်နိုင်ဘူးလေ ဖြစ်သလိုနေရတာပဲ” သူဌေးကိုရော အိမ်ထောင်သည်တွေရန်ဖြစ်တာ ၊ လူပျိုတွေမူးရင် သောင်းကျန်းတာတွေကို မတိုင်ဘူးလား” “အမလေး အစ်မရယ် ပြောပါသကော သူဌေးက အလုပ်သမားတွေ ဖြစ်ချင်ရာဖြစ်သူနဲ့ဘာမှမဆိုင်ဘူး နေစရာပေးထားတယ် နေတတ်သလိုနေ ပြသနာတွေဖြစ်ရင်လည်းတာဝန်ယူမယ်မထင်နဲ့ သူနဲ့ဘာမှမဆိုင်သလိုနေတာပဲ ။ အစ်မကို အဖြစ်အပျက်တစ်ခုပြောပြရဦးမယ် ဟိုတနေ့ကလေ စက်ရုံထဲမှာ နေ့ဆိုင်းညဆိုင်းနဲ့ တနေကုန်အလုပ်မနားတမ်းလုပ်ပြီး အိပ်မောကျနေတဲ့ အမျိုးသမီးတစ်ယောက်ကို အမျိုးသားတယောက်က ညည့်နက်အချိန်အခန်းထဲဝင်ပြီး ဟိုကိုင်ဒီကိုင်သွားလုပ်တယ်လေ။ အမျိုးသမီးက လန့်နိုးတော့ ဟိုကောင်က သူ့ပါးစပ်ကိုပိတ်ထားပြီး တိတ်တိတ်နေဖို့ပြောတယ်တဲ့ ဒါပေမဲ့ အမျိုးသမီးကကြောက်လန့်တကြားရုန်းပြီး တအားအော်လိုက်တော့ ကျန်တဲ့သူတွေ နိုးကုန်ကြတယ်လေ စက်ရုံပိုင်ရှင်ကို တိုင်ပင်ပေမဲ့လည်း ဘာမှဖြေရှင်းမပေးဘူးလေ” ကျမရင်ထဲတွင်မခံချင်စိတ် ဝမ်းနည်းစိတ်များစုဆုံသွားသဖြင့် ဘာမှမမေးနိုင်ပဲ ဆွံ့အသွားသည်။ အမျိုးသမီးအချင်းချင်းမို့ထင်ပါရဲ့ ကျမမမေးမိပေမဲ့ ကျမရင်တွင်းက သိချင်နေသောအကြောင်းများကို ဆက်ပြီးပြောပြနေသည်။ အလုပ်ရှင်က ဘာမှရှင်းမပေးတော့ အဲဒီလူလည်း ခုအခုပ်ဆင်းနေးတယ် ဒီလိုစိတ်ဓာတ်ရှိနေတဲ့သူကိုသူမတို့ ရွံကြောက်ဖြစ်ပြီး မမြင်ဟန်ဆောင်နေတာကလွဲလို့ ဘာမှမတတ်နိုင်ဘူး ဆိုတာလည်းပြောပါသည်။
“ဟင် အဒီလောက်တောင် အတင့်ရဲတယ်”ဟုသာ ကျမပါးစပ်ဖျားမှတုန့်ပြန်ရင်း အတွေးနှင့် ငြိမ်သက်နေခဲ့မိသည်။
သူတို့လေးတွေနေ့စဉ်နေ့တိုင်း စားသောက်ရသော အခြေအနေများကို မျစ်စိရှေ့မှောက်မှာ တွေ့နေရလို့ အံ့သြနာကျင်လို့ပင် မဆုံးသေး နောက်ထပ်သတင်းများက ကျမကိုပိုရွေ့ မှင်သက်မိသွားစေပြန်သည်။ ဘာပဲဖြစ်ဖြစ်ကျမနှင့်ဆုံတုနုးဆုံခိုက်မှာ ကိုယ်သိထားတာလေးတွေ မျှဝေလိုက်တာက သူတို့ရောကိုယ်ရော အကျိုးမယုတ်ပါဘူးလေ ဟုတွေးရင်း သက်ပြင်းရှည်ကြီးကို ဟူးကနဲမှုတ်ထုတ်လိုက်မိသည်။
“အေး ညီမတို့ သိအောင်အစ်မတခုပြောပြမယ် ဒီနေ့ဘာနေ့လဲသိလား” “သိတာပေါ့အမရဲ့ မတ်လရှစ်ရက်နေ့လေ” “ ညီမရဲ့ရှစ်ရက်နေ့တော့ဟုတ်ပါပြီ အထူးသတ်မှတ်ထားတဲ့နေ့ကို သိလားလို့မေးတာပါ” “အင်း အဲဒါတော့မသိဘူး”ဟု ပြုံးစိစိနဲ့ ပြန်ပြောသည်။ “အင်းဒီနေ့က နိုင်ငံတကာအမျိုးသမီးများနေ့လေ ပြီးခဲ့တဲ့နှစ်က အဲဒီအခမ်းအနားကို ပုံပုံနဲ့ သူ့သူငယ်ချင်းတွေတက်ကြတယ် သူပြန်မပြောဘူးလား” “ကျမတို့ကဒီစက်ရုံကိုရောက်တာ ခြောက်လလောက်ပဲရှိသေးတယ် ပုံပုံနဲ့ကလလည်း ခင်တယ်ဆိုပေမဲ့ အ၇မ်းရင်းနှီးတာ မဟုတ်တော့ စကားတွေလဲမပြောဖြစ်ဘူး” “အေးပါ အစ်မက သိစေချင်လို့ပါ တိုက်တိုက်ဆိုင်ဆိုင် ညီမတို့နေတဲ့နေရာလေးအထိေ၇ာက်လာပြီးတွေ့ရတာကိုဝမ်းသားလို့ ပြီးတော့လဲ ဒီနေ့လို အမျိုးသမီးများအတွက် ထူးခြားတဲ့နေ့လေးအကြောင်းကို ပြောပြချင်လို့ စကားစနေတာပါ” ကျမစကားကိုငြိမ်သက်စွာနားထောင်နေကြသောသူတို့မျက်နှာမျာကိုကြည့်ရင်း မှ ကျမပြောချင်သောစကားကို ခပ်သွက်သွက်ပြောဖြစ်သည် ။ “ဒီနေ့က နိုင်ငံတကာအမျိုးသမီးများနေ့ လေ နိုင်ငံတကာအမျိုးသမီးများနေ့ဆိုတာက ဟိုးအရင်တုန်းကတည်းက ခုလိုအမျိုးသမီးတွေကို အလုပ်ချိန်ပိုခိုင်းခဲ့တာ ပြီးတော့ အလုပ်အားခကို နည်းနည်းလေးဘဲပေးတာ ဒါတွေကိုဆန့်ကျင်ပြီး အလုပ်ရှင်တွေကို အလုပ်ချိန်လျှော့ပေးဖို့ လုပ်အားခတန်ရာတန်ကြေးပေးဖို့ ပြောပြီး အမျိုးသမီးပေါင်းများစွာ ပါဝင်လှုပ်ရှားခဲ့တာ အခုဆို အချို့နိုင်ငံတွေမှာ အဲဒီအခွင့်အရေးတွေ ရကုန်ပြီလေ နောက်ပြီးတော့ အမျိုးသမီးတွေအတွက် အရေးအကြီးဆုံးဖြစ်တဲ့ လုပ်ငန်းခွင် လုံခြုံခွင့်တွေပါတယ်။ ခုနကပြောသလို အဖြစ်ပျက်မျိုးတွေ မရှိအောင်အလုပ်ရှင်က အမျိုးသမီးတွေအတွက် နေမှုထိုင်မှုတွေမှာ စိတ်ချလုံခြုံအောင် ဖန်တီးပေးရမယ်။ ဒါကြောင့် ဒီနေ့လို မတ်လ ရှစ်ရက်နေ့အဖြစ်ကမ္ဘာ့ ကုလသမဂ္ဂက သတ်မှတ်ပေးခဲ့တာပေါ့” ရှည်ရှည်ဝေးဝေး ရှင်းပြလိုက်သော ကျမစကားကို နားထောင်ရင်း ပြန်မေးချင်ပုံရသော်လည်း မိုးချုပ်ရင် ဆိုင်ကယ်မောင်းပြန်တာ မလွယ်ဘူးဆိုတာ သိထားသောကြောင့် လက်မှ နာရီကို ငုံ့ကြည့်မိသည်။ “အစ်မရေ ခြောက်နာရီခွဲတော့မယ် မိုးချုပ်တော့မယ်နော် ခဏနေရင် ကျမတို့အဆောင်တံခါးလည်း ပိတ်တော့မယ်” စကားဝိုင်းမှကောင်မလေးတယောက်က အလိုက်သိစွာပင် သတိပေး စကားပြောလာသည်။ “အေးဟုတ်သားပဲ စကားကောင်းနေလိုက်တာ အစ်မပြန်တော့မယ်နော်”။ “ကျမတို့ အပေါက်ဝအထိလိုက်ပို့ပေးမယ်” ကျမတို့သုံးယောက်ထွက်လာတော့ အပေါ်ထပ်က သီချင်းနားထောင်နေသော အမျိုးသားတသိုက်ထံမှ ကြားရသော မိန်းမများမြင်လျှင် ပျိုမှန်းအိုမှန်း မသိပေမဲ့ ပြောနေကျ ပုရိသာတို့အသံများကို နားထဲမှ ခါထုတ်ရင်း ကျောခိုင်းထွက်ခွါလာလိုက်မိသည်။
ရေဒီယိုကို နားထောင်နေကျဖြစ်သောကျမက အမျိုးသမီးများနှင့်ပတ်သက်သော သတင်းများကို ဆိုလျှင် မသိစိတ်ရော သိစိတ်မှာပါပိုမိုနိုးကြားစွာနားထောင်ဖြစ်ရင်း ကျမဖြတ်သန်းခဲ့ရသော လက်တွေ့ဘဝမှအဖြစ်အပျက်များနှင့် ယှဉ်တွဲမြင်ယောင်မိမြဲပင်ဖြစ်သည်။ ရေဒီယိုမှ သတင်းအစီစဉ် တွေ ဘယ်အချိန်က ပြီးဆုံးသွားလိုက်သည်ကို ကျမသတိမထားမိလိုက်ပေ။ သတင်းအပြီး လေလှိုင်းသံခပ်ပြင်းပြင်းကိုကြားလိုက်ရမှ အတွေးစပြတ်ကာ ရေဒီယိုကို ယောင်ရမ်းပိတ်လိုက် မိသည်။
သို့ပေမဲ့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသူအမျိုးသမီးများ၏ လှုပ်ရှားမှု ဘဝပုံရိပ်များက ကျမနှလုံးအိမ်ကို ညို့ယူဖမ်းစားထားဆဲပင်ဖြစ်သည်။ ယနေ့ လိုနေ့မျိုးကို ကမ္ဘာပေါ်ရှိ အမျိုးသမီးတိုင်း သတိတရဖြစ်နေပြီးနေ့စဉ်နှင့်အမျှကြုံတွေ့နေရသော အမျိုးသမီးများအပေါ် မတရားဖိနှိပ်မှုများကို မှန်ကန်စွာတုန့်ပြန်နိုင်ပါစေဟု တိုးတိုးလေး ဆုတောင်းပေးလိုက်မိသည်။……………

ထနောင်း

၂၀၀၆

No comments:

Post a Comment