Saturday, July 24, 2010

တောင်တန်းများနှင့်အပြိုင် (ထနောင်း)

တောင်တန်းများနှင့်အပြိုင်

အရုဏ်ဦးရောင်ခြည်သည် တောင်စွယ်တန်းတွေကို ၀ိုင်းရံထားသော မြူခိုးများကို အံတုဖြတ်ကျော်ရင်း ရိုးစင်းတဲ့ ဒုက္ခသည်စခန်းလေးအတွင်း နွေးထွေးတဲ့ရောက်ခြည်ကို ပစ်လွှတ်လို့နေလေရဲ့။ ရောင်ခြည်နှင့် အပြိုင် သက်ဝင်လှုပ်ရှားနေသူများအကြား ကျမတို့သူငယ်ချင်း(၃)ယောက်လည်း လမ်းသွယ်လေးတွေကို ခပ်သွက်သွက်ဖြတ်လျှောက်ရင်း ဟိုမေးဒီမေးဖြင့် ရောက်ချင်ဇောတွေကြီးနေကြသည်။ ခပ်ကြာကြာ လေးလျှောက်မိမှ မျက်နှာချင်းဆိုင်လျှောက်လာသော အမျိုးသားတယောက်ကိုမေးကြည့်လျှင် “အစ်မတို့ ဘာမှမပူနဲ့၊ သူ့အိမ် ကျနော်လိုက်ပြမယ်”ဟု ချိုသာစွာတုံ့ပြန်သည်။ ထိုအခါမှ တယောက်မျက်နှာ တယောက် ကြည့်ပြီး အသက်၀၀ရှူမိကြသည်။ အေးက “တော်သေးတာပေါ့ဟယ်၊ ငါတို့အလုပ်ရှိသေးတယ်၊ သွားရ အောင်”ဟု လောဆော်လိုက်သည်။ မိုးမိုးက သူ့စတိုင်အတိုင်း ဘာမပြောညာမပြောနှင့် လိုက်ပို့သူအစ်ကို နောက်သို့ ခပ်သွက်သွက်ပင် လိုက်သွားသည်။ကျမလည်း သူ့ကိုတွေ့ရတော့မှာပဲဆိုပြီး ရင်ခုန်လှုပ်ရှားရင်း မိုးနောက်မ ခပ်မှန်မှန်လိုက်နေမိသည်။ ကွမ်းတယာညက်စာလျှောက်မိတော့ လမ်းညွှန်သူ အစ်ကိုက “ဟို ရှေ့ကအိမ်”ဆိုပြီး လက်ညှိုးညွှန်ပြသည်။

ကျမတို့လည်း သူ့ကို ကျေးဇူးတင်စကားပြောပြီး တိတ်ဆိတ်ငြိမ်သက်နေတဲ့ အိမ်ကလေးအပေါ်သို့ လှမ်း တက်မိခဲ့ကြသည်။ အိမ်ပေါ်အရောက် ကျောင်းသွားဖို့ပြင်နေတဲ့ ကလေးတယောက်ကို တွေ့ရသည်။ ထို ကလေးသည် သူ့ရှေ့မှောက်သို့ ဘွားကနဲရောက်လာသော မျက်နှာစိမ်းဧည့်သည်သုံးဦးကို ကြောင်တောင် တောင်လေး ငေးနေရင်း ရုတ်တရက် လွယ်အိတ်လေးလွယ်ပြီး အိမ်ပေါ်မှဆင်းပြေးသွားသည်။ ကျမတို့ သိပ်တွေ့ချင်တဲ့သူ ဘယ်သွားနေပါလိမ့်လို့ စဉ်းစားရင်း အိမ်ကိုဝေ့၀ဲအကြည့် အိမ်ရှေ့ခန်းတွင် သော့ခတ် ထားသော ဗီဒိုလေးအပြင် တခြား ဘာပကာသနတွေကိုမှ မတွေ့ရပေ။ သဲပွတ်နံရံလေးတွေမှာတော့ သူ့မိခင် အဖွဲ့အစည်းမှထုတ်ထားတဲ့ ပြက္ခဒိန်၊ ပြီးတော့ တော်လှန်ရေး ရဲဘော် ရဲဖက်ဘ၀လက်တွဲဖော် သူမခင်ပွန်း၏ ဓါတ်ပုံ၊ ဒါတွေဟာ အမျိုးသားတော်လှန်ရေးတလျှောက် စွန့်လွှတ်အနစ်နာခံ တိုက်ပွဲဝင်ခဲ့တဲ့ သူမရဲ့ ပိုင်ဆိုင်မှု များပင်ဖြစ်သည်။

“ဟယ် အဖွားလာပြီ” ဆိုတဲ့ သူငယ်ချင်း၏နှုတ်ခွန်းဆက်သံကြားမှ ကျမအတွေးအမျှင်တွေနဲ့ ဝေ့၀ဲအကြည့် တွေလည်း ပြတ်တောက် ရပ်တန့်သွားတော့သည်။ အရပ်ခပ်ပျတ်ပျတ်၊ အသားညိုညို၊ ပိန်ပိန်ပါးပါး အဖွားသည် ဇရာ၏အထုအထောင်းကို အံတုရင်ဆိုင်နေရပုံပါပဲ။ အရေးအကြောင်းတွေထူထပ်နေတဲ့မျက်နှာနဲ့ ကျမတို့ကို ၀မ်းပန်းတသာ နှုတ်ဆက်သည်။ အဖွားမေးတဲ့ မေးခွန်းတွေကလည်း စုံလို့ “သမီးတို့ ဘယ်က လာလဲ၊ ဘယ်တုန်းက ရောက်လဲ၊ ဘယ်တော့ပြန်မှာလဲ” ကျမတို့တတွေလည်း လာရင်းကိစ္စတွေနဲ့ ကျမတို့ အလုပ်တာဝန်တွေ မိခင်အဖွဲ့အစည်းတွေအကြောင်းကို ရှင်းပြဖြစ်ကြသည်။

ကျမလည်း အဖွားကို မတွေ့ဖူးပေမဲ့ အဖွားရဲ့တော်လှန်ရေးမြေး ကျမသူငယ်ချင်းပြောပြလို့ အဖွားအကြောင်း တွေသိပြီး လေးစားနေရကြောင်းကို ပြောဖြစ်သည်။ အဖွားက ဒုက္ခသည်စခန်းမှာ သူနေထိုင်နေရပုံတွေကို ကျမတို့တတွေကို ရှင်းပြသည်။ ခောတ်စားနေတဲ့မေးခွန်းတခုကိုလည်း ကျမတို့တတွေကို မေးဖြစ်အောင် မေးလိုက်သေးသည်။ “သမီးတို့ နိုင်ငံခြားကို သွားမလား”တဲ့။ “ကျမတို့မှာ အစီအစဉ်မရှိပါဘူး” လို့ တုန့်ပြန်သံ ကြားလျှင် အဖွားသည် ၀မ်းသာစွာဖြင့် ကျမတို့တတွေ တော်လှန်ရေးကို ကြိုးစားလုပ်ဖို့ တိုက်တွန်းသည်။ နောက် အဖွားက ပြောင်မြောက်တဲ့ဥပမာတခုနဲ့ ကျမတို့ရဲ့တော်လှန်စိတ်တွေကို အသက်သွင်းပေးလိုက် ပါသေးသည်။ “ကိုယ့်နိုင်ငံတခုလုံး အပူမီးတွေတဟုန်းဟုန်းတောက်လောင်နေချိန်မှာ သမီးတို့က ရေတမှုတ် သဲတဆုပ်နဲ့ ကိုယ်တတ်နိုင်သလောက် ၀ိုင်းငြိမ်းကြပါ” တဲ့။ “အပူတွေနဲ့ လွတ်ကင်းမယ်ထင်တဲ့ အေးငြိမ်းရာ နေရာကို သမီးတို့သွားမလား” တဲ့။ “အဖွားက စိတ်သွားတိုင်းကိုယ်မပါတော့ဘူး၊ ဒါပေမဲ့ လုပ်နိုင်စွမ်းတွေရှိတဲ့ သမီးတို့လို မျိုးဆက်တွေကိုပဲ အဖွားတို့အားကိုးရမှာပါ” ဆိုတဲ့ အဖွားစကားကို ငြိမ်သက်စွာနားထောင်ရင်း ကျမရင်ထဲမှာရှိတဲ့ တော်လှန်သန္ဓေစိတ်တွေက ပိုမိုရင့်သန်လို့လာခဲ့သည်။ သူငယ်ချင်းသုံးယောက် အဖွား စကားများကိုနားထောင်ရင်း ကန်တော့ဖြစ်ကြသည်။ အဖွား၏ချိုသာတဲ့ ဆုပေးသံကို ကြည်နူးစွာ နားထောင် ဖြစ်ကြသည်။ ဆုပေးသံအဆုံးတွင် အဖွား၏တော်လှန်ရေးတွင်လိုက်ပါပုံတွေကို သိလိုစိတ်တဖွားဖွားဖြင့် ကျမ ကပင်စတင်၍ စူးစမ်းမိသည်။

“အဖွား အသက်ဘယ်လောက်ရှိပြီလဲဟင်”

“သမီးရယ် အသက် ၈၀ ပြည့်တော့မယ်“ ဟု တုန့်ပြန်သည်။

အိမ်ထောင်ကျတာကြာပြီဖြစ်ပေမဲ့ ကလေးမရှိသေးသော မိုးမိုးမှ “အဖွား သားသမီးဘယ်နှယောက်ရှိလဲဟင်” ဟု စိတ်ဝင်တစားမေးသည်။

“သားသမီး ၄ ယောက်ရှိတယ်လေ၊ ခုတော့ အားလုံး အိမ်ထောင်တွေနဲ့ဖြစ်ပြီး ကိုယ့်အိုးကိုယ့်အိမ်တွေနဲ့ နေကြတယ်”

“ဟုတ်လား အခုအဖွား ဘယ်သူနဲ့နေလဲ”

“နို့ညှာသမီးနဲ့ နေတယ်၊ ခုနက ကျောင်းသွားတာ အဖွားမြေးပေါ့”

“ဟုတ်လား ခုနကတော့ ကလေးလေးတယောက်တွေ့လိုက်သား”

“အဖွားရယ် ကျမတို့အမျိုးသမီးတွေက သားသမီးတာဝန်တွေပိနေရင် တော်လှန်ရေးလုပ်လို့ ရမယ်လို့ကို မထင်ဘူး။ အဖွားကို အားကျလိုက်တာ ကလေးတွေကိုလည်း သတ္တိရှိရှိမွေး တော်လှန်ရေးလမ်းကြောင်းမှာ လည်း လိုက်ပါ၊ ကျမဆို ကလေးတွေနဲ့ဆိုရင် ကိုယ့်အလုပ် ကိုယ့်တာဝန်ကို ကျေနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ် ကြောင့် ခုထိ ကလေးတောင်မယူဖြစ်သေးဘူး”

“သမီးရယ် ကိုယ့်မျိုးဆကဆိုတာကလည်း ရှိသေးတယ်။ တော်လှန်ရေးမျိုးဆက်ဆိုတာ သိပ်တန်ဖိုးကြီးတာ၊ တကယ်လို့ ကိုယ့်သက်တမ်းမှာ တော်လှန်ရေးမပြီးခဲ့ရင်တောင် တော်လှန်မျိုးစေ့တော့ ချပေးခဲ့နိုင်တာပေါ့။ နောက်ပြီး သားသမီးရတနာဆိုတာကလည်း မွေးတတ်ရင် ဂုဏ်ယူစရာပါ”

မိုးမိုးအားပြန်ပြောသော အဖွားစကားကိုနားထောင်ရင်း မှတ်ပလားဆိုသောအကြည့်ဖြင့် ကလေးယူရမှာ ကြောက်သောသူမကို ကြည့်ဖြစ်သည်။ ထိုအကြည့်အား ညီမအရင်းပမာ ရင်းနှီးသံယောဇဉ်ရှိနေသော သူတို့ နှစ်ဦး ကောင်းကောင်းသဘောပေါက်မည်ဖြစ်သည်။

“ဟုတ်တယ် အဖွားနော် မိန်းမတွေ သားသမီးမွေးပြီးရင် ဘာမှမလုပ်နိုင်တော့ဘူးဆိုတဲ့အမြင်ကို ကျမတော့ လုံးဝလက်မခံဘူး။ အဲဒီအယူအဆပဲပေါ့ မိန်းမတွေကို လူတောမတိုးနိုင်အောင်လုပ်ထားတာ” ကျမစကား ကြောင့် အဖွားပင် ဟက်ဟက်ပက်ပက် ရယ်မောလို့နေသည်။ “သူက ထောက်ခံမှာပေါ့ အဖွားရဲ့၊ သူ့မှာ ကလေးသုံးယောက်တောင်ရှိတယ် အဖွား” ဟု မိုးမိုးမှ တုန့်ပြန်သည်။ “ကောင်းတယ် သားသမီးတွေ ရှိတဲ့သူက တာဝန်တွေ ပိုကြီးသလို ပိုလည်း ပင်ပန်းတယ် ကြိုးစားသမီး အားမလျှော့နဲ့” ဟု အားပေးသည်။ ကျမလည်း သူတို့နှစ်ဦးအား အဖွားမမြင်အောင် ပြောင်စပ်စပ်မျက်နှာပေးဖြင့် လက်မကိုထောင်ပြလိုက်သည်။

“အဖွားမှာ ကလေးတော့များတာပေါ့၊ အဖွားတို့ခောတ်က သမီးတို့ခောတ်လိုမဟုတ်ဘူး။ ဆေးမှူးလုပ်တယ် ဆိုပေမဲ့ အဖွားတို့ သူပုန်ဆေးမှူးတွေဆီရောက်လာတဲ့ ဆေးတွေက အများအားဖြင့် ရဲဘော်တွေ ငှက်ဖျားမိရင် ထိခိုက်ဒဏ်ရာရရင်သုံးတဲ့ ဆေးတွေပဲရတာ။ အိမ်ထောင်သည်တွေအတွက် မိသားစုစီမံကိန်းလုပ်လို့ရတဲ့ ဆေးတွေကရှိတာမဟုတ်ဘူး။ ဒီတော့လည်း ရဲဘော်ရဲဘက်တွေကို ကိုယ်တတ်ထားတဲ့ပညာနဲ့ အလုပ် အကြွေးပြု၊ တဖက်မှာလည်း ရလာတဲ့သားသမီးတွေကို ဂရုစိုက်ရတာပေါ့”

“တိုက်ပွဲတွေဖြစ်ရင်ရော အဖွား”

“ဒီလိုပေါ့သမီးရယ် ကိုယ့်ကလေးတွေကိုလက်ဆွဲ၊ ကျည်လွတ်ရာတွေကိုပြေးပေါ့။ ရန်သူနဲ့ ရင်ဆိုင်တိုက်ပွဲ တွေ သိပ်များလာရင်လည်း ခုခံတော်လှန်ရင်း ကာကွယ်ရင်းနဲ့ တောတောင်တွေထဲမှာ သံသရာလည်ရတာ ပဲပေါ့။ ဒီဒုက္ခတွေကိုလည်း ဒုက္ခလို့မထင်ပါဘူး။ တရားသော တော်လှန်ရေးမှာ တရားတဲ့စစ်ပွဲ ဆင်နွှဲ နေရတာဖြစ်တယ်ဆိုတဲ့ ခံယူချက်က အဖွားတို့ရင်ဆိုင်ရတဲ့ဒုက္ခတွေကို ကျော်လွှားစေနိုင်ခဲ့တယ်” အင်း တော်လှန်ရေးတာဝန်တဖက်နဲ့ သားသမီးတွေနဲ့ တောထဲတောင်ထဲမှာ တော်ရုံသတ္တိနဲ့ဆို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူးနော်။ တွေးရင်း ကျမက မိုးမိုးနှင့်အပြိုင် ရင်သပ်ရှုမောစွာ နားထောင်နေချိန်တွင် အဖွားနှင့် တော်လှန်ရေးတလျှောက် သမီးလို ရဲဘော်ရဲဘက်လို လက်တွဲခဲ့သော အေးက ကျမတို့နှစ်ယောက်၏ အမေးစကားများကို နားထောင်ရင်း အပျိုကြီးပီပီ မသိမသာ ပြုံးစိစိလုပ်နေသည်။

ကျမက အေးကို မျက်စောင်းတချက် လှည့်ထိုးရင်း တဆက်တည်း

“အဖွားနဲ့အတူ တိုက်ပွဲတွေဝင်ခဲ့တဲ့ မိန်းခလေးတွေများလား”

“သမီးတို့ရယ် တော်လှန်ရေးတလျှောက်မှာ သေသူသေ၊ နာသူနာ၊ ကျန်သူကျန်နဲ့ တော်လှန်ရေးခရီးကြမ်း တလျှောက်မှာ အဖွားသူငယ်ချင်းမတွေလည်း တာဝန်ကိုယ်စီထမ်းဆောင်ရင်း ပေးဆပ်ခဲ့ကြတာပေါ့” ကျမတို့အား တုန့်ပြန်ရင်း ပြတင်းပေါက်ကနေ လှမ်းမြင်နေရတဲ့ စိမ်းညှို့နေတဲ့ တောင်တန်းကြီးတွေကို ငေးမောနေတဲ့ အဖွားရဲ့မျက်လုံးတွေက ရီဝေမှိုင်းပျလို့နေသည်။

ကျမတို့သုံးယောက်လည်း အဖွားအား နားလည်စာနာစွာဖြင့် ငြိမ်သက်တိတ်ဆိတ်သွားကြသည်။

အဖွားနဲ့ စကားလက်ဆုံကျခဲ့ရတဲ့ မနက်ခင်းလေးဟာ အားအင်သစ်တွေနဲ့အတူ ချိုမြိန်မွှေးမြနေလေရဲ့။ တော်လှန်ရေးကို ပုခုံးပြောင်းတာဝန်ယူနေယူနေကြတဲ့ သူ့တော်လှန်ရေးမြေးမများကိုကြည့်ရင်း အဖွား ကြည်နူးလိုက်တာဆိုပြီး နွေးထွေးစွာ ပွေ့ဖက်လို့နေခဲ့သည်။ ဒီလိုအချိန်မှာ အဖွားနဲ့အတူ လက်တွဲတိုက်ပွဲဝင် ခဲ့တဲ့ တော်လှန်ရေးရဲဘော်ရဲဘက်ကြီးဖြစ်တဲ့ ခင်ပွန်းသည်ကို ဘယ်လောက်များ လွမ်းဆွတ် သတိရ နေလိုက်မလဲ။ “သမီးတို့ ဆက်လုပ်ပါ၊ ဇွဲမလျှော့ကြပါနဲ့” ဟု အဖွားက ကျမတို့ကိုအားပေးသည်။ “တနေ့နေ့ တော့ အဖွားတို့တိုင်းပြည် ငြိမ်းချမ်းမှာပါ၊ အပြောင်းအလဲတွေကို ရင်ဆိုင်ကြရမှာပါ” တဲ့။ သူမ ဆက်လက် မထမ်းဆောင်နိုင်တော့တဲ့ တော်လှန်ရေးတာဝန်တွေကို အားသွန်ခွန်စိုက် လုပ်သွားဖို့ ကျမတို့တတွေကို ယုံယုံကြည်ကြည်နဲ့ လွှဲပြောင်းပေးလို့နေသည်။

ကျမတို့ မေးတာတွေကိုလည်း စိတ်ရှည်စွာပြန်ဖြေရင်း တဆက်တည်း အားပေးစကားများနှင့်အတူ သူ၏ တော်လှန်ရေးဘ၀ရုပ်ပုံလွှာတွေကို ရုပ်ရှင်ပြကွက်တွေလို ပြန်ပြောင်းပြောပြနေသည်။ တော်လှန်ရေးမှာ သူပုန်ဆေးမှူးဘ၀နဲ့ တာဝန်ယူခဲ့ပုံတွေ၊ ရန်သူလိုက်လို့ တောထဲတောင်ထဲတွင် အသက်လုပြီး ပြေးလွှားရတာ တွေ၊ ရန်သူ့နယ်မြေထဲမှာပဲ ဆေးသင်တန်းသွားတက်စဉ် သင်တန်းလုပ်တဲ့ခြံဝင်းလေးထဲမှာ ၆လလောက် အပြင်မထွက်ပဲ ဆေးပညာဆည်းပူးခဲ့ပုံတွေလည်းပါရဲ့။ “သမီးတို့ အားမငယ်နဲ့ သမီးတို့ကို ပံ့ပိုးပေးမယ့် ပြည်သူတွေ သမီးတို့အနားမှာပဲ အမြောက်အမြားရှိနေမယ်လို့ ယုံကြည်စိတ်နဲ့သာလုပ် ဖြစ်ကိုဖြစ်တယ်” လို့ အားပေးရင်း သူတို့သင်တန်းတက်စဉ် ၆လလုံးလုံး ရိက္ခာဝယ်တာဝန်တွေကိုယူပေးတဲ့ သူချစ်တဲ့ ပြည်သူ ထဲက အမျိုးသမီးကြီးတယောက်အကြောင်းကိုလည်း လွမ်းဆွတ်ဂုဏ်ယူစွာ ပြောပြနေသေးသည်။

“အဖွားလှုပ်ရှားရုနးကန်ခဲ့တဲ့ တော်လှန်နယ်မြေတလျှောက်မှာ ပြည်သူတွေက တတ်နိုင်တဲ့ဖက်က အဖွားတို့ ကို ပံ့ပိုးပေးခဲ့ကြတယ်။ ဒါတွေဟာ မောပမ်းနွမ်းနယ်နေတဲ့ တော်လှန်ရေးသမားတွေအတွက်တော့ ရေကြည် တွေပဲပေါ့ သမီးတို့ရယ်” ဆိုပြီး စိတ်ဓါတ်အင်အားတွေကိုလည်း ဖြည့်တင်းပေးခဲ့သည်။ တော်လှန်ရေးခရီး ကြမ်းရှည်ကြီးကို စီကာပတ်ကုံး မမောမပမ်း ပြောပြနေတဲ့ အဖွားရဲ့မျက်နှာက ၀င်းပနေတဲ့ လပြည့်ဝန်းကြီးလို နုပျိုလန်းဆန်းလို့နေသည်။ အေးနှင့် မိုးမိုးက သူတို့သိချင်သော အကြောင်းအရာများကို မေးနေသည်ကို နားထောင်ရင်း ကျမအတွေးတွေကလည်း အဖွားရဲ့တော်လှန်ဖြတ်သန်းမှုတွေကို အားရကျေနပ်စွာ စိမ့်ဝင် ရင်း မှင်သက်မိနေသည်။

အဖွားရဲ့တော်လှန်ရေး ဘ၀တလျှောက်လုံးသည် ပေးဆပ်ခြင်းများနှင့်သာ ဖြည့်တင်းခဲ့မယ်ဆိုတာ ကျမ ယုံကြည်ပါသည်။ ထို့ထက် အမျိုးသမီးတယောက်အနေဖြင့် တော်လှန်ရေးတွင် ကျမတို့မျှော်လင့်မထားသော စိန်ခေါ်မှုများစွာကို တွေ့ကြုံရင်း ခိုင်မာသောဇွဲ၊ ကြီးမြတ်သောစိတ်ထားတွေနှင့် အဖွား ရင်ဆိုင်ကျော်လွှားနိုင် ခဲ့သည့်အတွက် ယုံကြည်လေးစားစိတ်နှင့်အတူ အားရကျေနပ်မိသည်။ မျက်တောင်ပုတ်ခတ်ပုတ်ခတ်နဲ့ အဖွားကို ငေးကြည့်ရင်း အဖွားမျက်လုံးတွေဟာ ပုံမှန်တော့ ဟုတ်ပုံမရပေ။ မျက်ရည်တွေလည်း ခဏခဏ သုတ်တာ တွေ့ရသည်။ ဒီမျက်လုံးတွေနဲ့ ရန်သူကိုရှာဖွေတိုက်ရင်း အကြောပြိုင်းပြိုင်းထနေတဲ့လက်တွေနှင့် တချိန်က ဆေးထိုးအပ်တွေကိုင်ပြီး ရဲဘော်များ၏အသက်များကို လုယူခဲ့ပုံ။ ရင်သွေးတွေကို ပြုစုစောင့် ရှောက်ရင်း ဖြူစင်တဲ့နှလုံးသားနဲ့ ရဲဘော်ရဲဘက်တွေကို လက်တွဲခေါ်ယူပြီး ကြံ့ကြံ့ခံနိုင်ခဲ့တဲ့ စိတ်ဓါတ်ကို ကျမ မလေးစားပဲ မနေနိုင်ပေ။

ကြမ်းတမ်းလှတဲ့ တော်လှန်ရေးခရီးမှာ အမျိုးသားတွေနဲ့တန်းတူ ရန်သူတွေကို ရင်ဆိုင်တိုက်ပွဲဝင်ခဲ့ရင်း ဆင်းရဲဒုက္ခအဖုံဖုံကို စိတ်ဓာတ်ခွန်အားများနှင့် ဖြတ်ကျော်ခဲ့သည်။ ခုတော့ ဇရာရဲ့အိုမင်းခြင်းတွေနဲ့အတူ အဖွားသည် ဒုက္ခသည်စခန်းတခုတွင် တိတ်တဆိတ်ခိုလှုံနေရသည်။

မြန်မာပြည်ရှိ ကြီးမားကျယ်ပြန့်လှတဲ့ တောင်တန်းကြီးတွေနဲပအပြိုင် အဖွားရင်ထဲက စစ်အာဏာရှင်ကို တော်လှန်တိုက်ပွဲဝင်လိုတဲ့ တော်လှန်စိတ်တွေက အမြဲရှင်သန်နေမည်ဟု ကျမယုံကြည်သည်။ လွတ်လပ်ရေး လှုပ်ရှားမှုကာလနှင့် လွတ်လပ်ရေးရပြီး မလွတ်လပ်သေးတဲ့ ကျမတို့တိုင်းပြည်မှာ ခောတ်အဆက်ဆက် တော်လှန်တိုက်ပွဲဝင်ခဲ့ကြတဲ့ အမျိုးသမီးတွေ မြန်မာပြည်တနံတလျားမှာ ပုံသဏ္ဍာန်မျိုးစုံနဲ့ ရှိနေခဲ့ ရှိနေလျှက် ပါပဲ။ သမိုင်းရဲ့အမွေဆိုးတွေကို ကျမတို့အမျိုးသမီးတွေလည်း ကျရာနေရာကနေပြီး အဆိုးဆုံးတွေကို ရင်ဆိုင်တွေ့ကြုံခဲ့ရင်း အံတုတော်လှန်ခဲ့တာတွေဟာ မှတ်တမ်းမဲ့မှတ်တမ်းတွေလိုပါပဲ။ သေချာတာတခု ကတော့ ကျမတို့လို ခောတ်ရဲ့သမီးပျိုတွေဟာ အဖွားရဲ့ခြေရာကို မမီတောင် အဖွားကဲ့သို့ စွန့်လွှတ်စွန့်စား စိတ်တွေရှိနေဖို့ အသေအချာပင် လိုအပ်နေပြီဖြစ်သည်။ ခောတ်ကတောင်းဆိုနေတဲ့ တိုက်ပွဲတွေမှာ ကျမတို့ ကိုယ်တိုင် တက်ညီလက်ညီ ပူးပေါင်းပါဝင်နေမှုအပေါ် အဖွားရဲ့နူးညံ့နွေးထွေးတဲ့ အပြုံးတွေက ဆက်လက် စိန်ခေါ်အံတုဖို့ အားပေးနေသယောင်ပါပဲ။ မြန်မာပြည်ရဲ့ မှိုင်းညှို့နေတဲ့ တောင်တန်းတွေကတော့ သူ့ရဲ့ ရင်ခွင်မှာ သူ့ကိုမှီခိုရင်း အာဏာရှင်အဆက်ဆက်ကို တော်လှန်သူများ(အဖွားကဲ့သို့) မဆုတ်မနစ် ကြိုးပမ်း တိုက်ပွဲဝင်ခဲ့ကြတဲ့ မြန်မာနိုင်ငံမှ သမီးပျိုများ၏ တော်လှန်တိုက်ပွဲဝင်မှုတွေကို ဘယ်သူတွေပဲမေ့မေ့ သူက တော့ သူ့ရဲ့နှလုံးသားထဲမှာ ထာဝရမှတ်တမ်းတင်ထားမှာပါ။

ဗန်းမော်တင်အောင်၏ “လူတယောက်ရဲ့တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားခဲ့တဲ့ ခောတ်ကြီးက ပေးအပ် လိုက်တဲ့ သမိုင်းပေးတာဝန်ကို ဘယ်လောက်ထိ ကျေပြွန်အောင်ထမ်းဆောင်သလဲ ဆိုတဲ့အပ်ါမှာ မူတည် ပါတယ်” တဲ့ သေချာတာက အဖွားကတော့ သူ့ခောတ်ကပေးတဲ့ သမိုင်းပေးတာဝန်ကို ကျေပွန်ခဲ့သလို ကျမ တို့ကရော ကျမတို့ခောတ်ကြီးကပေးလာတဲ့တာဝန်ကို ဘယ်လောက်ကျေပွန်အောင် ထမ်းဆောင်နိုင်ကြမလဲ။

“ဟယ် နင်ကလည်း ငေးနေလိုက်တာ ငါတို့ပြန်ရအောင်” လို့ ပြောမှပဲ အယောင်ယောင်အမှားမှားနှင့် ထပြန်ခဲ့ရသည်။ အဖွားကို ကျမတို့က လိုက်မပို့ဖို့ပြောပေမဲ့ လက်မခံပဲ သူ့အိမ်ကနေ တော်တော်လေးလှမ်းတဲ့ လမ်းသွယ်လေးရောက်အောင် လိုက်ပို့ခဲ့ပါသည်။ လမ်းထိပ်အရောက် ကျမတို့ အတင်းပြန်ခိုင်းမှ မပြန်ချင် ပြန်ချင်နှင့် ပြန်သွားခဲ့သည်။

ကျမတို့ကို ကျောခိုင်းထွက်ခွာသွားသည့် အဖွား၏ကျောပြင်ကိုငေးကြည့်ရင်း တောင်တန်းတွေနဲ့အပြိုင် ခိုင်ခိုင်မာမာ ဆက်လက် တည်ရှိနေအုံးမည့် အဖွားရင်ထဲက တော်လှန်စိတ်တွေက ကျမတို့သူငယ်ချင်းတစု ရင်ထဲသို့ အရှိန်အဟုန်ပြင်းစွာ ကူးစက်ပျံ့နှံ့လျှက် ….။


(နို့ဖိုးဒုက္ခသည်စခန်းတွင် နေထိုင်လျှက်ရှိသော ကရင့်တော်လှန်ရေးရဲဘော် အဖွားအား အမှတ်တရ)


ထနောင်း